၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန် မဖြစ်နိုင်ဟု တိုင်းရင်းသားခေါင်းဆောင် များပြော

၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန် မဖြစ်နိုင်ဟု တိုင်းရင်းသားခေါင်းဆောင် များပြော
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး၂၀၁၅ မတိုင်မီ ပြီးစီးလုပ်ဆောင်ရမည်ဟူသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြောကြားချက်အပေါ်  “မဖြစ်နိုင်ဟု” ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားကြောင်း သိရှိရပါသည်။

 Shan Representatives)
“တိုင်းရင်းသားခေါင်းဆောင်တွေက အစိုးရက ၂၀၁၅ ရွေးကောက်ပွဲတိုင်ခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အပြီးလုပ်ဆောင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုလုပ်ရင် အစိုးရခင်းထားတဲ့ အကွက်ထဲဝင်ပြီပေါ့။  ဆွေးနွေးတာဟာ ၃ နှစ်တည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူး။  ပြီးရင်လည်း ပထမအဆင့်ပေါ့။ ဒါကြောင့် အချိန်အတွက် နှစ်ဦး နှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက် ရယူရမယ်လို့ ပြောတယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။

တိုင်းရင်းသားပေါင်းစုံ ညီလာခံကို စက်တင်ဘာ ၁၄ ရက် မှ ၁၆ ရက်ထိ ၃ ရက်တာ ကျင်းပခဲ့ရာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ချက်နှင့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ် ၃ ဆင့်ကတော့ ၁) အပစ်ရပ်မယ်။ ၂) သဘောတူညီချက်တွေကို အကောင် အထည်ဖော်မယ်။ ၃) နိုင်ငံရေး ဆွေးနွေးမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတော့ မပါဘူး။ ဒါပေမဲ့ ဟန့်တားတာ လည်း မဟုတ်ဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ချင်တဲ့အဖွဲ့တွေလည်း ရှိမယ်လေ” ဟု ၎င်းက ဆက်ပြော ပါသည်။

ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက်မှာ-
၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် လူငယ်ထု အပါအဝင် အရပ်သား လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို သဘောတူချမှတ်ရန်။

၂)    (က) ပြည်ထောင်စု အစိုးရကိုယ်စားလှယ်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ ကိုယ်စား လှယ်များအကြား တွေ့ဆုံဆွေးနွေး၍ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” အတွက် သဘောတူညီချက် ရရှိရန်။
    (ခ) ထိုသို့ဆွေးနွေးရာတွေ နှစ်ဖက်သဘောတူလက်ခံနိုင်သော နေရာ၌ ဆွေးနွေးရန်။

(ဂ) ထိုသို့ဆွေးနွေးစဉ်နှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ဘက်မလိုက် သော နိုင်ငံတကာ လေ့လောစောင့်ကြည့်နေရေးအဖွဲ့ ထားရှိရန်နှင့် သဘောတူညီချက်များကို ပူးတွဲထုတ်ပြန်ရန်။

၃) “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” သဘောတူညီချက်ရပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများအလိုက် တိုင်းရင်းသားညီလာခံများ ကျင်းပပြီး ရှင်းလင်းညှိနှိုင်း သဘောထား ရယူသွားရန်။

၄) တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ ပါဝင်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီလာခံတစ်ခု ခေါ်ယူကျင်းပသွားရန်။

၅) တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားနေသော နိုင်ငံရေးအင်အားစု ကိုယ်စား လှယ်များ၊ အစိုးရကိုယ်စားလှယ်များ အချိုးညီ ပါဝင်သည့် ပင်လုံစိတ်ဓာတ် အရင်းခံသော ပြည်ထောင်စု ညီလာခံကြီးတရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ သဘောတူညီချက်များကို “တိုင်းရင်းသားလူမျိုးများ ဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (Union Accord) အဖြစ် သဘော တူ လက်မှတ်ရေးထိုးရန်။

၆) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အချိန်ကို အတိအကျ သတ်မှတ်နိုင်ရန် ကြိုတင်ဆွေးနွေး သဘောတူညီ ချက် ရယူရန် - တို့ဖြစ်သည်။

၃ ရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးကို ပြည်တွင်းပြည်ပမှ တိုင်းရင်းသားကိုယ်စား လှယ် ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

Most read this week