ရသေ့တောင် ရခိုင်လူထု စည်းဝေးပွဲ အာဏာပိုင်များမှ ကန့်သတ်

ရသေ့တောင် ရခိုင်လူထု စည်းဝေးပွဲ အာဏာပိုင်များမှ ကန့်သတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ရခိုင်ဒေသ လူထုအစည်းအဝေးကို မြို့နယ် အာဏာပိုင်များက ကန့်သတ်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

Rathidaung-Arakan-community

မြို့နယ် အာဏာပိုင်များက ကန့်သတ်ရာတွင် လူထု စည်းဝေးပွဲအား နှစ်ရက် တိတိ ပြုလုပ်ရန် စီစဉ် ထားခြင်းကို တစ်ရက်တည်းသာခွင့်ပြုပြီး ဟောပြောမည့် သူများနှင့် တက်ရောက်မည့် အရေ အတွက် ကိုလည်း ကန့်သတ်ထားသည်ဟု လူထု အစည်းအဝေး ဖြစ်မြောက်ရေး ကော်မီတီဝင် ဦးကိုကိုမောင်က ပြောသည်။

“ ကျွန်တော်တို့ကို အခု (၁) ရက်တည်းသာ ခွင့်ပြုပါတယ်။ ကျွန်တော်တို့ ဒီအစည်းအဝေး လုပ်မလို့ စတင် စီစဉ် ကတည်းက အာဏာပိုင်တွေကို ခွင့်ပြုချက် ရရှိဖို့ စာတင် ပါတယ်။ စာတင်တဲ့အခါ အာဏာပိုင်တွေက စာတင်စရာ မလိုဘူး။ ခင်ဗျားတို့အလုပ်ကို ခင်ဗျာတို့ လုပ်ကြပါ ဆိုပြီး ပြောပါတယ်။ အခု စည်းဝေးပွဲနီးတော့မှ တစ်ရက်တည်းဘဲ ခွင့်ပြုမယ်။ နှစ်ရက် ခွင့်မပြုနိုင်ဘူဆိုပြီး လုပ်လာတယ်။ ဒီလို လုပ်တာ ဘာကြောင့်လည်း ဆိုတာ ကျွန်တော်တို့ စဉ်းစားမရ ဖြစ်နေပါတယ်” ဟု ဆိုသည်။

ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် (၂၀) အကွာတွင် တည်ရှိပြီး နိုင်ငံရေး အရ တက်ကြွသော မြို့တစ်မြို့ဖြစ်သည်။ လူထုအစည်းအဝေးကို ရသေ့တောင်မြို့တွင် စက်တင်္ဘာလ ၂၅ ရက်နှင့် ၂၆ ရက် ကိုကျင်းပရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ ဒီလူထုအစည်းအဝေး ကော်မီတီဖွဲ့ပြီးတာနဲ့ မြို့နယ် ရဲမှူးကိုသွားပြီး အသိပေး တင်ပြ ပါတယ်။ သူတို့ဆီကထုတ်ပေးတဲ့ လျှောက်လွာမှာ ဟောပြောမဲ့ လူပုဂ္ဂိုလ်၊ ဟောပြောသူရဲ့ ကိုယ်ရေး အချက်အလက်၊ ဟောပြောမယ့် ခေါင်းစဉ်တွေကို ဒီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ မှာ သွားတင်ခဲ့ပါတယ်။ တင်တဲ့အခါ သူက ခင်ဗျာတို့လုပ်မယ့် စည်းဝေးပွဲက ပွဲကြီးဖြစ်နေတဲ့ အတွက် စာရင်းတွေကို အတိကျ တင်ပါလို့ ပြောလာတော့ အသေအချာ စိစစ်ပြီး ထပ်တင်ပါတယ်။ ဒီလ ၁၇ ရက်နေ့ ညနေမှာ ကော်မီတီ အဖွဲ့ဝင်တွေကို ခေါ်တဲ့အတွက် ကျွန်တော်တို့သွားတွေ့ပြီး ကျွန်တော် တို့ လူစာရင်းကို ထပ်တင်ထားခဲ့ပါ” ဟု ဆိုသည်။

လူထု အစည်းဝေးသို့ တက် ရောက်မည့်သူ ၆၃၀ ဦး၊နှင့် ဟောပြောမည့်သူက ၂၈ ဦး တင်ပြထားရာ ယနေ့ နံနက်ပိုင်းက တက်ရောက်မည့်သူကို ၂၀၀ ဦးနှင့် ဟောပြောမည့်သူကို ၁၀ ဦးသာ ခွင့်ပြုမည် ဟု ရဲမှူးက ပြောသည်ဟု သူက ပြောသည်။

ယနေ့ နံနက်ပိုင်းက ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ချိန်တွင် အာဏာပိုင်များက တက်ရောက်မည့်သူ အရေ အတွက်နှင့် စည်းဝေးပွဲကို တစ်ရက်သာ ခွင့်ပြုမည်ဟု ခေါ်ယူ ပြောဆိုခြင်း ဖြစ်သည်။

“ပြောတဲ့သူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ ဗျူဟာမှူးနဲ့ ရဲမြို့နယ်မှူးတို့ ဖြစ်ပါတယ်။ သူတို့ က ၁၇ မြို့နယ်လုံးက လာမယ်ဆိုတော့ တစ်ရက်ပဲ ခွင့်ပြုနိုင်မယ်ဆိုပြီး ပြောပါတယ် ” ဟု သူက ဆက်ပြောသည်။

ရခိုင် ဒေသ လူထုအစည်းအဝေးမှ ရရှိလာသော ဆုံးဖြတ်ချက်များကို ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်သို့ အထောက်ကူပြုနိုင်ရန် ပေးပို့သွားမည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကဘဲ ကြိုးစားသွားမယ်။ ဥပဒေကိုကျော်ပြီးလုပ်မှာ မ ဟုတ်ပါဘူး။ ဒီက ခွင့်ပြုချက် ၂ ရက် မရရင် ခရိုင်၊ ပြည်နယ် အဆင့်ဆင့်တက်ပြီး နောက်ဆုံး သမ္မတကြီး အထိသွားဖို့ စီစဉ်ထားပါ တယ်။ အခုလည်း အာဏာပိုင်တွေ အဆင့်ဆင့်ကို သတင်းပို့နေပါတယ်” ဟု ဆိုသည်။

ယခုကျင်းပမည့် လူထုအစည်းအဝေးမှာ အမျိုးသားရေး လိုအပ်ချက်အရ ကျင်းပသည့်ပွဲဖြစ်သလို လူ ထုအစည်းအဝေး ဖြစ်မြောက်ရန်အတွက် အလှူထည့်ဝင်ထားကြသည့် ငွေများကိုလည်း မပျက် စီး လိုသည့်အတွက် ၂၅-၂၆ ရက်တွင် ဖြစ်သည့်နည်းနှင့် ကျင်းပသွားရန်စီစဉ်နေပြီး တက်ရောက် လာမည့်သူများကိုလည်း ယခုလ၂၄ ရက်နေ့ အရောက်လာကြရန် မေတ္တာရပ်ခံ ထားသည်ဟု ဦး ကိုကိုမောင်က ပြောသည်။

Most read this week