ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန်းလွင်က ရုံးရှေ့မှ ကားဖြတ်မောင်းသူ တဦးအား ချင်းတွေ ဦးနှောက်ထဲမှာ ချေး ညိနေသည်ဟု ဆဲဆိုပြီး ပါး ရိုက်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက်နေ့က ဟားခါးမြို့ပေါ်နေ ပူး Camang သည် အိမ် ပြောင်းဖို့အတွက် အိမ်သုံး ပစ္စည်း များကို ကားဖြင့် သယ်ယူပြီး ပြည်နယ် လဝက ရုံးရှေ့ ဖြတ်အသွားတွင် ဦးသန်းလွင်ကရုံးရှေ့ဖြတ်သွား ရလား၊ ခင်ဗျားတို့ ချင်းတွေ ဦးနှောက်မှာ ချေးညိနေတယ် ဟု ဆဲဆိုကြိမ်းမောင်းပြီးပါးရိုက်လိုက်သည်ဟု မျက်မြင်တွေက ပြောကြသည်။
“Pu Ca Mang တို့က ရုံးရှေ့ကနေ ကားဖြတ်မောင်းဖို့ မြို့နယ် လဝက မှူးကို ပြောပြီး ဖြတ်သွားခွင့် ရထားပြီးဖြစ်တယ်၊ အဲဒါကို ပြည်နယ်မှူးက ယခုလို ရက်ရက် စက်စက်ပြောဆို ပြီး ကိုယ်ထိလက်ရောက် လုပ်လိုက်တာ” ဟု ပြောသည်။
ရုံးဝန်ထမ်း Pu ChiaMawng မှ မြို့နယ် လဝကမှူးကို ရုံးရှေ့ ဖြတ်သွားဖို့ပြော ထားပြီးကြောင်း ပြောပြ ရာတွင် ပြည်နယ် မှူးက ၄င်းရင်ဘတ်ကို ထိုးပြီးခြေထောက်ဖြင့် ကန်ကျောက်သေးကြောင်း ပြောကြသည်။
“တော်တော်ရိုင်းတယ်ဗျာ၊ ခင်ဗျားတို့ ကားကို လက်နဲ့ မပြီး သယ်သွားကြလို့ပြောသေးတယ်” ဟု မျက်မြင်က ထပ်မံ ပြော သေးသည်။
Pu Ca Mang တို့ မိသားစုသည် အဆိုပါ ကိစ္စကြောင့် ယနေ့ထိ အိမ်တွင်း ပစ္စည်း မရွှေ့နိုင်သေးကြောင်း ၊ ကားပိုင်ရှင်ဖြစ်သူ ရိုမင်ကာသိုလိပ် ဘုန်းကြီးကလည်း အင်မတန် ၀မ်းနည်းကြောင်း သိရသည်။
“တခြားလူမျိုးတွေ ကိုယ့်နယ်မြေမှာလာပြီး သောင်းကျန်းနေတာတော့ မခံချင်စရာပေါ့ကွာ” ဟု ချင်းလူငယ် တဦးက ပြောသည်။
ဦးသန်းလွင်သည် စစ်တပ်အရာရှိဘဝမှ လူဝင်မှူကြီးကြပ်ရေးဌာနသို့ ပြောင်းလာသူ ကရင် ဗမာအမျိုး သားဖြစ်ကြောင်း ပြောကြသည်။