ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် KNO-Thailand ဖွဲ့စည်း

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် KNO-Thailand ဖွဲ့စည်း
by -
ကချင်သတင်းဌာန

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) သည် ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးဆက် လက်ကြိုး ပမ်းနိုင်ရန် KNO (ထိုင်းနိုင်ငံ) အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

kno-thailand
ထပ်မံဖွွဲ့စည်းလိုက်သော KNO-Thailand (Kachin National Organization-Thailand) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသော ကချင်အမျိုးသားများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)  စစ်မှုထမ်းဟောင်း များအပါအဝင် စက်တင်ဘာလ ၁၆-၁၇ ရက်အတွင်း ဆွေးနွေးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသည့် ရည်ရွယ်ချက် အောက်တွင် ဆွေးနွေးတိုင်ပင်၍ သဘောတူဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသားအစည်းအရုံး (KNO) ပေါ်လစီ အတွင်း၌ ညီညွတ်စွာ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာအစိုးရသစ်ဖွဲ့စည်းခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြုလုပ်နေကြချိန် ပြည်ပအခြေစိုက် ကချင်အမျိုးသားအဖွဲ့အနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် နိုင်ငံရေးဆွေးနွေးမှုမအောင်မြင်သေးသရွေ့ ငြိမ်းချမ်းရေးယူသွား မည် မဟုတ်ကြောင်း KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) က ပြောသည်။

အဆိုပါ ချင်းမိုင်တွင် သီးသန့်ဖွဲ့စည်းလိုက်သော ကချင်အမျိုးသားအစည်းအရုံး (KNO) ကို ဥက္ကဋ္ဌ ဦးကရဲန်ခေါင်ဟောင်း (Kareng Hkawng Hawng)၊ ဒုတိယ တာဝန်ခံအနေဖြင့် ဦးလရှီးဘရန်နူး (Lashi Brang Nu) နှင့် အင်ခွမ်ဇော်ဂရောင် (Nhkum Zau Grawng)၊ အတွင်းရေးမှုး နန်ဇိန်နော်လောန် (Nangzing Naw Lawn)၊ ဒုအတွင်းရေးမှူးအား လရှီးဂမ် (Lashi Gam) နှင့် အင်ခွမ်ဇော်ဂမ် (Nhkum Zau Gam) တို့ဖြစ်ကြောင်း ကြေငြာချက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ပ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO သည် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော KIO နှင့် အတူတကွ ပူးတွဲလုပ်ဆောင်သွားရန် ၂၀၁၂ ဇွန်လပိုင်းတွင် လိုင်ဇာ (Laiza) ဌာနချုပ်၌ နှစ်ရက်ကြာတွေ့ဆုံ ဆွေး နွေးခဲ့ပြီးနောက် သဘောတူပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week