ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီး ထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ် ကွက်ကဆိုပါ သည်။
“ ၁၆ ရက်နေ့က ကျနော်တို့ဘက်က ဗိုလ်မှူးကြီးတင်းခေး၊ ဗိုလ်မှူးကြီးဝမ်းလီ၊ ဗိုလ်ကြီး စန္ဒာ၊ ဗိုလ်ကြီး ဓမ္မနဲ့ တပ်ကြပ်ကြီး စိုင်းပီး ၃ ယောက် ဟွေ့အော့ ဝ တပ်ဆီ သွားပြီးဆွေးနွေးတယ်။ ၁၇ ရက်နေ့မနက်ပိုင်းကျနော်တို့ရဲ့ တပ်သား ၂၀ ယောက် ကို ဖမ်းတဲ့နေရာမှာဘဲ ပြန်လာလွှတ်ပေး တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ တယောက်က တန့်ယန်းမှာ နောက်တယောက် က ပန်ဆန်းမှာ။ သူတို့ လဲ လွတ်လာပြီ ပြောတယ်။ပြန်တော့မရောက်သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦး ကပြောသည်။
အဆိုပါတွေ့ဆုံပွဲ၌ ဝ တပ်ဖွဲ့ဘက်မှ တပ်မဟာ ရ၇၅ တပ်မဟာမှူး ယန်ကော်ကျုံးဦးဆောင်သည့် တပ်မှူးများဖြစ်ကြသော တာ့နုန်း၊ တာ့ဆာမ်ဆွဲ၊ တာ့လွီး တို့ပါဝင်သည်ဟုဆိုပါသည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက်ကြား အပေးအယူ သဘောတူညီမှု အချက်အလက်ဖြင့် လက်မှတ်ရေးထိုးမှုများမရှိခဲ့သော်လည်း ရှေ့ဆက်ထိုကဲ့သို့ဖြစ်ရပ်များ ထပ်မဖြစ်ရန် လက်တွဲပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း - သျှမ်းပြည်တပ်မတော်၏ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
“ ဒီတခေါက်ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲမှားလို့ ဖြစ်သွားရတာပါ။ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ကျနော်တို့ နှစ်ဦး နှစ်ဖက် အကြောင်းကြားမယ် သတင်းပေးပို့မယ် ပြီးမှ လုပ်သွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားသွားလာတဲ့နယ်မြေ တွေက ထပ်နေတာ တွေရှိနေတယ်လေ။ ဒါကြောင့် ပြောဆိုညှိနှိုင်း ရမှာဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်လာ တဲ့ ညီကိုမောင်နှမတွေဘက်ကို ကျနော်တို့ဘက်ကနေ စပြီးတော့ ပြဿနာရှာတာ စပြီးတော့ သေနတ်ပြောင်းဝ လှည့်တာ တော့ လုံးဝ မဖြစ်စေရပါဘူး။ ဒါကိုတော့ယုံကြည်စေ ချင်ပါတယ်။ ဘယ်ပြဿနာကိုမဆို ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖြေရှင်းတာကိုဘဲ လိုချင်ပါတယ် ” ဟု ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။
ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ရ၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ သျှမ်းပြည်တပ် မတော်၏ တပ်သား ၂၀ ယောက်အား ဂျူလိုင် ၃၀ ရက်က ဖမ်းဆီးထားခဲ့သည်။
အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံလည်း စာရေးသားပို့ခဲ့သည်ဟုလည်း သတင်းထွက်ရှိပါသည်။