ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ

ဗျူရိုကရေစီ ယန္တရား ဘယ်ကို သွားနေပြီလဲ
by -
မဇ္ဈိမ

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူရဲ့အစိုးရ အဖွဲ့ဝင်တွေကို မူဝါဒနဲ့ ရည်မှန်းချက်တွေ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ပြည်သူကို ဗဟိုပြု ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက
ပြောဆိုလိုက်အပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ဝန်ကြီးဌာနက အကြီးအကဲ တော်တော်များများကို ဌာနတွေ ပြောင်းရွှေ့ခန့်ထားလိုက်တာဟာ သူရဲ့ ဗျူရိုကရေစီယန္တရားကို အပြောင်းအလဲ ကောင်းကောင်း လုပ်တော့မှာလား လို့ မျှော်လင့်လာကြပါတယ်။

burocracy

ဝန်ကြီးဌာန မတူညီတဲ့နေရာတွေကို ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင် ညွှန်ကြားရေးမှူး တွေ နေရာပြောင်းလဲခန့် ထားတာ တွေ့ရပါတယ်။ သတင်းနှင့် စာနယ်ဇင်းကနေ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ရောက်တာ၊ သမ္မတရုံးကနေ ပညာရေးဝန်ကြီးဌာနကို ရောက်တာ၊ ဗဟိုဘဏ်ကနေ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနကို ရောက်တာမျိူးတွေက လုံးဝကို သဘောသဘာဝ မတူညီတဲ့ နေရာတွေကိုပြောင်းလဲခန့် ထားလိုက်တာပါပဲ။

ဒါကြောင့် ဒီအပြောင်းအလဲဟာ အစိုးရသစ်ရဲ့ စိန်ခေါ်မှု တခုဖြစ်တဲ့ အကျင့်ပျက် ခြစား ဝန်ထမ်းတွေ နည်းလာအောင် လုပ်တာလား၊ ပိုမိုကောင်းမွန်တဲ့ ရလဒ်ထွက်ဖို့ သင့်တော်တဲ့ သူတွေကို ခန့်ထားတာ လားဆိုတာ မေးခွန်းထုတ်ရပါလိမ့် မယ်။ မတူညီတဲ့နေရာကို မတူညီတဲ့သူတွေ ရောက်ရှိလာတာဟာ ပြောင်းလဲမှုကြီး တရပ် ဖြစ်ပေမယ့်လည်း ပြောင်းရွှေ့ခံထားရသူတွေအနေနဲ့ ဘာသာရပ်အမျိုးမျိုးကို ကျွမ်းကျင် ပိုင်နိုင်နေတာ ဟုတ်ရဲ့လားလို့လည်း သံသယ ပွားစရာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအပြောင်းအလဲဟာ နိုင်ငံတခုရဲ့ လက်ရှိသွားနေတဲ့ ယန္တရားတခုကို လမ်းကြောင်း ပြောင်းလိုက် တာ နဲ့တော့ တူနေပါတယ်။ ဒီအပြောင်းအလဲကနေ ပြည်သူတွေကို ဝန်ဆောင်မှု လုပ်ငန်းကောင်းတွေ ပေးမယ်လို့ မျှော်လင့်လို့လည်း ရနိုင်ပါတယ်။

ပည်သူ့ဝန်ဆောင်မှုကို အခြေပြု လုပ်ဆောင်မယ့် အစိုးရ ဗျူရိုကရေစီယန္တရား ပြုပြင် ပြောင်းလဲမှုကို တကယ် တော့ ပြည်သူတွေ မျှော်လင့်ခဲ့ရတာ နှစ်ပေါင်း မနည်း တော့ ပါဘူး။ ပြည်သူတွေကို မလိုလားအပ်တဲ့ဝန် မပိ အာင် လမ်းမညွှန်နိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ အစိုးရ လက်ထက် တလျှောက်လုံးမှာ ဗျူရိုကရေစီယန္တရားကြီး တခုလုံး ပျက်စီး လျော့ရဲလာတာဟာ အကျင့်ပျက် ခြစားမှုတွေ များလာတဲ့ ဝန်ကြီးဌာနတွေကို ကြည့်ရင် သိသာပါတယ်။

ပည်သူ့ဝန်ဆောင်မှုကို အခြေပြုလုပ် ဆောင်မယ့် အစိုးရ ဗျူရိုကရေစီယန္တရား ပြုပြင် ပြောင်းလဲမှုကို တကယ်တော့ ပြည်သူတွေ မျှော်လင့်ခဲ့ရတာ နှစ်ပေါင်း မနည်းတော့ပါဘူး ...

“အရင်ကတော့ နေရာကောင်းတွေဆိုရင် စစ်တပ်က လာတဲ့ အရာရှိတွေကိုပဲ ခန့်ထားခဲ့တာ။ အခုတော့ အရပ်သား ပညာရှင်တွေကို ခန့်လာတာ တွေ့ရတယ်။ တကယ်လုပ်နိုင်တဲ့ သူတွေကို ခန့်ထားတယ်ဆိုရင် ကြိုဆိုရမယ်။ အခုက တော့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ အချိန်မှာ တပ်ဘက်ကချည်း မဟုတ်ဘဲ တကယ် နားလည်တဲ့ သူတွေကိုပဲပေးသွားသင့်တယ်” လို့ အမျိူးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က သုံးသပ်ပါတယ်။

သူက ဆက်ပြောတာကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေချိန်မှာ အရပ်သား ပညာရှင်တွေကိုပဲ ရွေးခန့် သင့်တာမို့လို့ စင်္ကာပူအစိုးရရဲ့ လုပ်ဆောင်မှုအတိုင်း နားလည် တတ်ကျွမ်းသူကို ခန့်ထားခြင်းကသာ ပိုမိုထိရောက် တဲ့ နိုင်ငံတော် ဖွံ့ဖြိုးမှု ရမယ်လို့လည်း ဆိုပါတယ်။

ဒါဆို ပြည်သူ့ဝန်ဆောင်မှုကို အလေးထားတဲ့ စင်္ကာပူအစိုးရက ပြည်သူတွေ အခွင့်အရေး အပြည့်အဝနဲ့ ဝန်ဆောင်မှု ကောင်းကောင်းပေးနေပေမယ့် မြန်မာနိုင်ငံမှာကော ပြည်သူတွေ အခုချိန်ထိ အစိုးရက ပေးတဲ့ ဝန်ဆောင်မှုကောင်း တွေ ဘာတွေများ ရပြီးပြီလဲဆိုတာ သုံးသပ်ဖို့ လိုလာပါပြီ။

အစိုးရတရပ်ရဲ့ ဆောင်ရွက်ချက်မှန်သမျှဟာ ပြည်သူတွေအတွက် လုပ်ငန်းဆောင်တာ အဆင်ပြေချောမွေ့မှု၊ စိတ်ချ လုံခြုံမှု၊ ကျေနပ်စိတ်ချမ်းသာမှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိ်ုပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အစိုးရတွေ လက်ထက်မှာ ပြည်သူတွေဟာ တန်းတူညီမျှ အခွင့်အရေး ရခဲ့ပါသလား။ အစိုးရတွေရဲ့ အသိအမှတ်ပြုမှု ခံခဲ့ရပါ သလား။

နံနက် မိုးလင်းတာနဲ့ တပြိုင်နက် လုပ်ငန်းခွင် ဝင်ရတဲ့ ပြည်သူတွေအနေနဲ့ အရင်ဆုံး ကြုံရတာကတော့ ခရီး သည်တင် ဘတ်စ်ကားတွေပေါ်က ယာဉ်နောက်လိုက် တွေရဲ့ မချေမငံ ပြောဆိုခံရမှုတွေကနေ စပါတယ်။
ဒါတင် ပြီးလားဆိုတော့ အထိန်းအကွပ်မဲ့ ပရမ်းပတာမောင်းနှင်တဲ့ ယာဉ်မောင်းတွေကြောင့် ယာဉ်မတော် တဆမှုတွေ မြင့်တက်လာကာ လမ်းပေါ်မှာ အသက် ဆုံးရှုံးရတဲ့ ပြည်သူတွေ ဒုနဲ့ဒေးပါပဲ။

အရင်ကတော့ နေရာကောင်းတွေဆိုရင် စစ်တပ်က လာတဲ့ အရာရှိတွေကိုပဲ ခန့် ထားခဲ့ တာ။ အခုတော့ အရပ်သား ပညာ ရှင်တွေကို ခန့်လာတာ တွေ့ရတယ်။ တကယ်လုပ်နိုင်တဲ့ သူတွေကို ခန့်ထား တယ်ဆိုရင် ကြိုဆိုရမယ်။ အခုကတော့ ဒီမိုကရေစီ နိုင်ငံကို သွားနေတဲ့ အချိန်မှာ တပ်ဘက်ကချည်း မဟုတ်ဘဲ တကယ် နားလည်တဲ့ သူတွေကိုပဲ ပေးသွား သင့်တယ်

“ယာဉ်မတော်တဆ ဖြစ်လို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူစာရင်းဟာ နှစ်စဉ် တိုးလာနေပါတယ်။
ပြီးခဲ့တဲ့ တနှစ်လုံးမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူနှုန်းကို ဒီနှစ် ခြောက်လအတွင်းနှုန်းက မီလုမီခင် ဖြစ်နေတာ တွေ့ရတယ်” လို့ မီဒီယာသမား တဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်ထိ ၁ဝ နှစ်တာ ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု စုစုပေါင်း ၉,၄၂၃ မှု ဖြစ်ပွားခဲ့ပြီး ပျမ်းမျှ တနှစ်ကို ယာဉ်မတော်တဆဖြစ်မှု ၉ဝဝ ကျော်ခန့် ရှိခဲ့ပေမယ့် ဒီနှစ် ဇန်နဝါရီလမှ ဇွန်လ (ခြောက်လ) အတွင်းမှာကို ယာဉ်မတော်တဆ ဖြစ်မှုပေါင်း ၆၂ဝ ကျော် ရှိနေပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလအတွင်း ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၅,၂၇၇ ဦး ရှိခဲ့ကာ သေဆုံးသူပေါင်း ၁,၄၇၅ ဦး ရှိခဲ့တာ တွေ့ရပါတယ်။

ဒီအရေအတွက်နဲ့ နှိုင်းယှဉ်ကြည့်ဖို့က ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ် တနှစ်တာလုံးမှာ ယာဉ်မတော်တဆမှုပေါင်း ၁,၁၆၉မှု ဖြစ်ခဲ့ပြီးတော့ ဒဏ်ရာရသူ ၁,၈၅ဝ ဦးနဲ့ သေဆုံးသူ ၂ဝ၈ ဦး ရှိခဲ့ပါတယ်။ နောက်ပြီး ယခုနှစ်ဆန်းပိုင်းမှ ဇွန်လအထိ (ခြောက်လအတွင်းမှာကို) သေဆုံးသူ ၁၅၂ ဦးနဲ့ ဒဏ်ရာရသူ ၉၅၆ ဦး ရှိနေပါတယ်။

ဒီစာရင်းဇယားတွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေ စည်းကမ်းမဲ့လာတာက တပိုင်းပေမယ့် ဒီလို ယာဉ်ကြောင့် မတော်တဆမှုတွေ မဖြစ်ရအောင် ကောင်းမွန်တဲ့ ပြည်တွင်း ခရီးသွားပို့ဆောင်ရေးတွေ၊ အရည်အသွေး အပြည့်အဝ ရှိတဲ့ ကားလမ်းတွေသာ ရှိနေမယ်ဆိုရင် ပြည်သူတွေအတွက် အထောက်အပံ့ မဖြစ်ပေဘူးလားလို့ ဆိုရပါမယ်။

တခြား ဝန်ဆောင်မှုတွေ အနေနဲ့ရော ပြည်သူတွေ သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုမျိုး ရရှိနေရဲ့ လား။ ပြည်သူတွေ အားကိုးနေရတဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှာတောင် စရိတ်မျှပေး စနစ်ကိုပဲ ကျင့်သုံးနိုင်တာ တွေ့ရပြီး အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကော လုပ်ဖို့လိုနေပြီလားဆိုတာ မေးခွန်းထုတ်ရပါမယ်။

နယ်စပ်က ဝင်လာတဲ့ တရားမဝင် ဆေးတွေကြောင့် ကျန်းမာရေး ထိခိုက်ရတာတွေ၊ အရည်အသွေး မပြည့်ဝတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ၊ ဆေးဝါးမပြည့်စုံတဲ့ အစိုးရပိုင် ဆေးရုံကြီး တွေကြောင့် အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရရတာတွေကို ပြည်လည် သုံးသပ်ကြည့်ပေးဖို့ လိုလာနေပါတယ်။

ပညာရေးပိုင်းမှာကော ယခုနှစ်မှာ မူလတန်းပညာ အခမဲ့စနစ်ဆိုပြီး ပညာရေးဝန်ကြီးဌာနက စတင် အကောင်အထည်ဖော်ပါတယ်။ တကယ်တမ်းကျတော့ ပိုက်ဆံ မကုန်တဲ့ ပညာရေးဆိုတာ မြန်မာနိုင်ငံမှာ မရှိသေးဘူးလားလို့ မေးရပါ မယ်။ သားသမီးရှိတဲ့ မိဘတွေအတွက် နိုင်ငံတော်က အထောက်အပ့ံ ပေးနိုင်မယ့် အစီအစဉ်တွေ တဖြေးဖြေး ရေးဆွဲ လာနိုင်ရင် ကောင်းမယ်လို့ မိဘတွေက မျှော်လင့်ကြပါတယ်။ ပြီးတော့ တကယ် အရည်အချင်းပြည့်ဝမှု မရှိတဲ့ ပညာရေး ဝန်ထမ်းအချို့ကြောင့်လည်း အနာဂတ်ရဲ့ ကလေးငယ်တွေ ဘဝမညှိုးနွမ်းစေရေး ဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ်။

တရားရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း အကျင့်ပျက် တရားရေး ဝန်ထမ်းတွေကို လာဘ်လာဘ ပေးရတဲ့ခေတ် ကလည်း မကုန်သေးပါဘူး။ အမှုအခင်း တခုခု ဖြစ်တာနဲ့ လာဘ်မပေးရသေးစေကာမူ အချိန်မလေးစားတဲ့ တရားရေး ဝန်ထမ်းတွေ၊ ဥပဒေကို လက်တလုံးခြား လုပ်နေသူ တွေအောက်ခြေ အဆင့်မှာတင် ရှိနေသေးတာမို့ ပြုပြင် ပြောင်းလဲမှုက အပေါ်ယံတင် လုပ်နေလို့ မရသေးပါဘူး။

တရားရေး ဝန်ထမ်းတွေကို လာဘ်လာဘ ပေးရတဲ့ခေတ်ကလည်း မကုန်သေးပါဘူး။ အမှုအခင်း တခုခု ဖြစ်တာနဲ့ လာဘ်မပေး ရသေးစေကာမူ အချိန်မလေးစားတဲ့ တရားရေးဝန်ထမ်းတွေ၊ ဥပဒေကိုလက်တလုံး ခြားလုပ်နေသူတွေ အောက်ခြေအဆင့်မှာ တင်ရှိနေသေးတာမို့ ပြုပြင်ပြောင်းလဲမှုက အပေါ်ယံတင် လုပ်နေလို့ မရသေးပါဘူး ...

သမ္မတကြီးက ပြည်သူ့ဝန်ဆောင်မှုဆိုတဲ့ စကားရပ်ကို သုံးပြီး မကြာသေးခင်မှာပဲ အချို့ချို့သော ဝန်ကြီးဌာန တွေက၊ ဌာနနဲ့ ပတ်သတ်ပြီး လိုအပ်ချက်များ ရှိခဲ့ပါလျှင် (သို့မဟုတ်) ပြည်သူများ မကျေနပ်ချက်များ ရှိခဲ့ပါက တိုင်ကြားနိုင် ကြောင်း တိုင်ကြားစာတွေကို လက်ခံလာတာတွေ့ရပါတယ်။ အထူးသဖြင့် သမ္မတဆီကို တိုင်နိုင်တဲ့ သမ္မတရုံးဆီကို ပို့တဲ့ စာတွေက ဒီလအတွင်းမှာတင် သိသိသာသာ များပြားလာတယ် လို့လည်း သိရပါတယ်။

မီးရထား ဝန်ကြီးဌာနကလည်း ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး တစုံတရာ တိုင်ကြားစရာရှိရင် တိုင်ကြားနိုင်တယ်လို့ အတိအလင်း ကြေညာလာကြပါတယ်။ တိုင်ကြားနိုင်တာရဲ့ နောက်မှာ လက်တွေ့ အကောင်အထည် ဖော်ပေးဖို့လည်း လိုလိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒါပေမယ့် တဘက်က အပေါင်းလက္ခဏာ ဆောင်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ လိုလား ချက်တွေ ကို ပြည်သူ့စွမ်းအားသုံးပြီး ပြန်လည်ဖန်တီး ထိန်းကျောင်းခွင့် ပေးလိုက်တယ်လို့ ရှုမြင်နိုင်ပါတယ်။ ဒီတော့ ပြည်သူကို ဗဟိုပြုပြီး ထိန်းချုပ်ပေးခြင်းဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်နေတဲ့ အစိုးရ ယန္တရားကြီးကို ပိုမို သွက်လက်လာစေတော့ မလား လို့တော့ မျှော်လင့်လို့ ရနိုင်ကောင်းပါရဲ့။