တရားမျှတမှုနှင့် စေ့စပ်ရေးဆိုင်ရာ ရုံးခန်းတခု ကချင်ပြည်နယ်မှာ ဖွင့်လှစ်

တရားမျှတမှုနှင့် စေ့စပ်ရေးဆိုင်ရာ ရုံးခန်းတခု ကချင်ပြည်နယ်မှာ ဖွင့်လှစ်
by -
မဇ္ဈိမ

ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးဆိုင်ရာများအတွက် ကချင်ပြည်နယ်၊ ပရန်ငေါန် ဒေသတွင် Justic and Negotiation Center (တရားမျှတမှုနှင့် စေ့စပ်ရေးဌာန) အမည်ရှိ ရုံးခန်းတခုအား အင်္ဂါနေ့ နံနက် ၉ နာရီတွင် စတင် ဖွင့်လှစ်လိုက်ကြောင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။

တရုတ်နယ်စပ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် ၎င်းရုံးကို ဖွင့်လှစ်ထားရှိ၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးခြင်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပတို့မှ မည်သူမဆို လာရောက်မေးမြန်းနိုင်ကြောင်း သိရသည်။

“ဒီရုံးက KIO အတွက်လည်း မဟုတ်ဘူး။ အစိုးရအတွက်လည်း မဟုတ်ဘူး။ အားလုံးအတွက် ဆိုပြီး ရုံးခန်းတခု ဖွင့်ဖို့ သဘောတူညီလို့ ဖွင့်လိုက်တာ။ ဒီရုံးက ငြိမ်းချမ်းရေးရဲ့ အစဖြစ်တယ်။ ငြိမ်းချမ်းရေး စိတ်ဝင်စားသူ အားလုံး ဒီနေရာ မှာ လာရောက်နိုင်တယ်။ မေးမြန်းနိုင်တာတွေကို ဒီနေရာကနေ ရဖို့ ဖွင့်လှစ်ထားတာ ဖြစ်တယ်” ဟု ဦးဂွမ်ဂျာ က မဇ္စျိမကို ပြောသည်။

မေလ ၂၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ချင်းခရိုင်မြို့တွင် ဝန်ကြီးဦးအောင်မင်းနှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာတို့နှင့် အလွတ်သဘော တွေ့ဆုံစဉ် အဆိုပါရုံး ဖွင့်လှစ်ရန် သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ဦးဂွမ်ဂျာက ပြောသည်။

ရုံးဖွင့်ပွဲကို KIA တပ်မဟာ ၃ မှ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဇော်ကျန်းက အဖွင့် အမှာစကား ပြောကြား၍ ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ငြိမ်းချမ်းရေးကော်မတီမှ ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်များ ဖြစ်ကြသော ဦးဂွမ်ဂျာနှင့် ကျောက်သူဌေး ဦးယွပ်ဇော်ခေါင်၊ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာကြီး ဂျမ်မော် ဂမ်မော်၊ ကက်သလစ် အသင်းတော်မှ ဘုန်းတော်ကြီး ပတ်ထရစ် တူးရှန်နှင့် ဒေသခံများ အပါအဝင် လူဦးရေ ၁ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။ ရန်ကုန်မြို့မှ Weekly Eleven၊ The Voice ဂျာနယ်များမှ သတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များလည်း တက်ရောက် သတင်းယူခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

KIO နှင့် အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့အကြား တစုံတရာ သဘောတူညီမှု မရမချင်း စောင့်ကြပ်ရေးရုံး ဖွင့်လှစ်ရန် နှစ်ဖက် နှုတ်ကတိအနေဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ဒီတွေ့ဆုံမှု စောင့်ကြပ်ရေးအတွက် ရုံးတခုလိုတယ်။ ဒါကြောင့် လွယ်ဂျယ်အနီး ပရန်ဝမ်မှာ တွေ့ဖို့ နေရာ သတ်မှတ်ရအောင်လို့ ပြောတော့ ဦးအောင်မင်း က ဖြစ်နိုင်တယ်၊ ကောင်းပါတယ်ဆိုပြီး သဘောတူတယ်။ ကချင်ငြိမ်းချမ်းရေးအဖွဲ့တို့လည်း သဘောတူတယ်။ အဲဒီ အဆောက်အဦ ပြီးတာ တလ ကျော်ပြီ။ အဲဒီကြားတွေ အဲမှာ တွေ့ရအောင်လို့ ပြောတာ။ နောက်ပိုင်းကျမှ လွယ်ဂျယ်ဆိုရင် မလာနိုင်ဘူးဆိုပြီး ပြောလာတယ်” ဟု မဇ္စျိမကို ပြောသည်။

ရုံးကို အစည်းအဝေး ခန်းမတဆောင်၊ ရုံးအဖွဲ့အတွက် အိပ်ဆောင်များနှင့် စားသောက်ဆောင်များ ထည့်သွင်း
ဆောက်လုပ်ထားသည်ဟု ဆိုသည်။

ဇွန်လ ၂ဝရက်နေ့က နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ အရာရှိများ တွေ့ဆုံရန် သဘောတူညီ ခဲ့ပြီးနောက် နှစ်လကျော် ကြာပြီဖြစ်သော်လည်း နှစ်ဖက် တွေ့ဆုံရန် နေရာ ညှိနှိုင်း၍ မရကြသေးပေ။

တနင်္လာနေ့ ညနေပိုင်းက KIO လိုင်ဇာဗဟိုဌာနချုပ် ၆ မိုင်ကျော်အကွာရှိ လဂျားယန်တွင် အစိုးရတပ်နှင့် KIA တပ်ဖွဲ့များနှင့် ငါးနာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဦးလနန်က ပြောသည်။

“စခန်းတခုကို နေရာရပြီဆိုရင် သူတို့က တပ်တွေ တဖြည်းဖြည်း အင်အား တိုးဖြည့်လာတယ်။ ဗန်းမော်ဘက်ကို တပ်အင်အား အမြဲပို့နေတယ်။ ဆင်းသွားတာ မရှိသေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ တပ်မဟာ ၃၊ ၅ နယ်မြေတွေမှာ စစ်အင်အား အမြဲတမ်း ဖြည့်တင်းနေတယ်ဆိုတာ ထင်ရှားတယ်” ဟု ဆိုသည်။

ယခုရက်ပိုင်းများအတွင်း နေ့စဉ် တိုက်ပွဲ တခု၊ နှစ်ခု အမြဲတမ်း ဖြစ်ပွားနေဆဲ ဖြစ်ပြီး KIO အနေဖြင့် ဗန်းမော်နှင့် မူဆယ်မြို့များတွင် နှစ်ဖက် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်းနှင့် ထပ်မံ တွေ့ဆုံမည် ဆိုပါက အလွတ်သဘော တွေ့ဆုံခြင်း မဟုတ်ဘဲ တရားဝင် တွေ့ဆုံ ဆွေးနွေးရန် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံရန် တု့ံပြန်ထားသည်။