ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်

ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်မည့်အခမ်းအနားတွင် ကချင်အမျိုးသားများ တက်ရောက်မည် မဟုတ်
by -
ကချင်သတင်းဌာန

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့  ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော်လည်း ဂုဏ်ပြု အခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသော ကချင်တိုင်းရင်းသားများ အနေဖြင့်တက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့တဲ့ ဧပြီကြားဖြတ် ရွေးကောက်ပွဲမတိုင်မီ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။

လက်ရှိအနေအထားအရ ကချင်ပြည်နယ်တွင်း မငြိမ်မသက်စစ်ဘေးဒဏ်ကြောင့် ရင်ဆိုင်နေရသော အခက်ခဲများနှင့် ဆုံးရှုံးနေသောတိုင်းရင်းသားအခွင့် အရေးများအတွက် ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်အနေဖြင့် တက်ကြွစွာလှုပ်ရှားဆောင်ရွက်ပေးပါရန်သာ မေတ္တာရပ်ခံသော အိတ်ဖွင့်ပေး စာတစ်စောင်ကို စက်တင်ဘာလ ၁၆ ရက်စွဲဖြင့် ကချင်မဟာမိတ် (Kachin Alliance) မှ ရေးသားပေးပို့ခဲ့သည်။

ချီးမြှင့်သောဆုတံဆိပ်အားလက်ခံရယူရန်ရောက်ရှိလာခြင်းကို ဂုဏ်ယူမိသော်လည်း ထိုဝမ်းမြောက်ဂုဏ် ယူဖွယ်အခမ်းအနားတွင် ကချင်တိုင်းရင်းသားအနေဖြင့်ပါ၀င်နိုင်ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံ ကချင်မဟာမိတ် (Kachin Alliance)  K.A. တာဝန်ခံ အင်ဆန်ဂွမ်ဆန် (Nsang Gum San) ပြောသည်။

“လွှတ်တော်ကနေဖိတ်ခေါ်တဲ့စာ ကျနော်တို့ဆီရောက်လာတယ်။ ဂုဏ်ပြုပွဲတက်ရောက်ဖို့ ဖိတ်ခေါ်တဲ့စာနဲ့ ညစာစားဖို့ဖိတ်ခေါ်တဲ့စာ လက်ခံရရှိတယ်။ ကျနော်တို့ဘက်ကတော့ ဒီလိုပျော်ပွဲမှာ မပါဝင်နို်င်တဲ့အကြောင်း ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ခုဒေါ်အောင်ဆန်းစုကြည်က လွန်ခဲတဲ့ ချိန်အမျိုးသားခေါင်းဆောင် ဖြစ်ခဲ့ပေမယ့် အခုအချိန် မြန်မာအစိုးရပါတီခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ် အဲ့ဒီပါတီကလည်း အစိုးရထဲပါတဲ့ပါတီဖြစ်တယ် လွှတ်တော်ကလည်း စစ်အစိုးရကိုထောက်ခံနေတာလေ”

လက်ရှိကာလ ကချင်ပြည်နယ်တွင် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော စစ်မက်ဘေးဒဏ်ကြောင့်မိမိတို့၏ ဆွေမျိုးသားချင်းများ၏ လျစ်လျူရှုခံနေရသောဆင်းရဲဒုက္ခများနှင့် ၀မ်းနည်းပူဆွေးသောကများဖိစီး မှုဖြင့် ကြေကွဲလျက်ရှိနေချိန်၊ ကချင်လူမျိုးများသောင်းနှင့်ချီ၍ နေရပ်စွန့်ခွာပြောင်းရွှေ့နေရသည့်ကာလစသည့်အခြေ အနေများတွင် မိမိတို့အနေဖြင့် ၀မ်းမြောက်ပျော်ရွှင်ရန်မှာ မည်သို့မျှဆီလျော် အပ်စပ်ခြင်းမရှိကြောင်းရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိတ်ဖွင့်ပေးစာတွင် အချက် (၅) ချက်ဖြစ်သော ‘စစ်မှန်ပီပြင်သောငြိမ်းချမ်းရေးရရှိစေရန် နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကို ၀ုိင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ပြေးဒုက္ခသည်များအတွက် လိုအပ်သောပြည်တွင်းပြည်ပ အထောက်အပ့ံများ လွှပ်လပ်စွာပံ့ပိုးကူညီနိုင်ရန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အင်အားကိုရယူကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အသုံးပြုနေသောစစ်အသုံးစရိတ်များကို တားဆီးပေးရန် တောင်းဆိုထားသည်။

ဆက်လက်၍ ‘လူ့အခွင့်အရေးချိုးဖောက်မှုများကိုကာကွယ်တားဆီးနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂလေ့လာ စောင့်ကြည့်ရေးအဖွဲ့(သို့မဟုတ်) စေ့စပ်ညှိနှိုင်းရေးအဖွဲ့များအနေဖြင့် စစ်မက်ဖြစ်ပွားနေသောဒေသများနှင့် စစ်ပြေးဒုက္ခသည်စခန်းများတွင် အချိန်မရွေးသွားရောက်ကြီးကြပ်ကွပ်ကဲနိုင်ရန် မြစ်ဆုံဆည်နှင့်အတူ ချီဖွေဆည်ကဲ့သို့သော ဧရာဝတီမြစ်ဖျားတွင်တည်ဆောက်ရန်ရှိသော အခြားဆည်(၆)  ခုအားယာယီရပ်ဆိုင်း ရုံသာမကပဲ လုံးဝဆောက်လုပ်ခြင်းမပြုတော့ရန်စသည့်အချက်များဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကွန်လွန်သွားသဖြင့် တိုင်းရင်းသားများအတွက်ပေးအပ်ထားသောကတိစကားကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမီးပီသစွာတိုင်း ရင်းသားများ၏ ရပိုင်ခွင့်များအတွက် မားမားမတ်မတ်ရပ်တည်ကြိုးပမ်းဆောင်ရွက်ပေးသွားပါရန် မေရိကန်ပြည်ထောင်စု Kachin Alliance အဖွဲ့မှ အလေးအနက်မေတ္တာရပ်ခံထားခြင်းဖြစ်သည်။

Most read this week