အစိုးရတပ်နှင့် KIA တို့ ဋ္ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ

အစိုးရတပ်နှင့် KIA တို့ ဋ္ဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ
by -
သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့အနီး ထိုးစစ်ဆင်တိုက် ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ် ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ  ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ယခု သတင်းရေးသားနေချိန်မွန်းလွဲပိုင်း အထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

KIA တပ်မတော် (ဓါတ်ပုံ- nytime)
မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌာနချုပ်လိုင်ဇာနှင့် ၅ မိုင်ဝန်းကျင်ခန့်အကွာရှိ လဂျာယန်ရွာနှင့် တုံဖုန်းယန်ရွာ အထက်ပိုင်း နှစ်နေရာတွင် နှစ်ဘက်တိုက်ပွဲ  ဖြစ်ပွားနေခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှလက်နက် ကြီးများဖြင့် တရစပ်ပစ်ခတ် နေကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်ဘက်က အင်အားများတယ်။ ပြန့်ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေတယ်။ အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။

KIAတပ်ဖွဲ့မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လျှက်ရှိရာ အစိုးရတပ်များ လူစုကွဲကာ ကစဉ့်ကလျား ဖြစ်နေကြောင်း သူက ဆက်ပြောသည်။

“အခုလောလောဆယ်အထိ အစိုးရတပ်ဘက်က စခန်းသိမ်းနိုင်တာမရှိသေးဘူး။ လဂျာယန်နားမှာရှိတဲ့ သူတို့တပ်ကုန်းကို လူအင်အား ၁၀၀ ကျော်လောက် တက်သွားတယ်။ ပြန့်မှာတော့ အများကြီးရှိနေသေး တယ်။ (KIA) ဒီဘက်ကလည်း ၁၂၀ တွေနဲ့ အဲဒီကုန်းကိုရော ပြန့်ဘက်ကိုရော လှမ်းပြီးထုနေတယ်။ တချို့နေရာ တွေမှာ လူနဲ့ပိတ်ပြီး မိုင်းတွေလည်း ထောင်ထားတယ် ” ဟု သူက ဆိုသည်။

လတ်တလော အစိုးရတပ်ဘက်မှ KIA ၏ ဗဟိုလုံခြုံရေးတပ်ဖြစ်သော တပ်မဟာ (၅) နယ်မြေနှင့် ဗန်းမော်ခရိုင် လွယ်ဂျယ် အနီးရှိ စခန်း တစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရသည်။

Most read this week