ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း သြဂုတ်လအတွင်းက ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် စပါးစိုက်ဧက နှစ်သောင်းကျော် ပြန်လည် စိုက်ပျိုးနိုင်ရန် တဧကကို မျိုးစပါး တတင်းနှုန်းဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနက ယခုလ ၁၃ ရက်နေ့တွင် စတင်ထောက်ပံ့ပေးနေပြီဟု သိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းမောင်က ပြောသည်။
"မျိုးစပါး တဧကကို တတင်းနှုန်းနဲ့ ပျက်စီးဧရိယာ ၂၀,၃၂၅ အတွက် မျိုးစပါးပေးဝေနေပါပြီ။ လယ်သမားတွေ ချေးယူထား တဲ့ စိုက်ပျိုးချေးငွေအတွက်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေပြီးတော့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို နှစ်ဆိုင်းပေး ဆပ်ဖို့နဲ့ အတိုးမဲပေးဆပ်နိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။" ဟု ဦးဇော််လင်းမောင်က ပြောသည်။
ပုသိမ်မြို့ ရပ်ကွက် ၄ ရှိ တိုင်းဝန်ကြီးချုပ်ရုံးသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဝန်ထမ်း၊ မြေစာရင်းဦးစီးဌာန တို့မှ တာဝန် ရှိသူများကိုလည်း မျိုးစပါးပေးဝေရာတွင် ကျေးရွာအထိသွားရောက် ကူညီပေးနိုင်ရန် ညွှန်ကြားထားသည်ဟုလည်း ဦးဇော်လင်းမောင်က ဆိုသည်။
ရေကြီးမှုသည် စတ္တုထပတ် အစောပိုင်းတွင်ကျသွားခဲ့ပြီး လယ်သမားများက ရေပြန်ကျကျချင်း စိုက်ပျိုးရန် ပြင်ဆင်နေ ခဲ့ပြီး ယခုလ ဒုတိယပတ်တွင်မှ မျိုးစပါး ထုတ်ပေးခြင်းကြောင့် ပျိုးထောင်ရန် အချိန်နောက်ကျမှုများ ရှိခဲ့သည်ဟု ပုသိမ်မြို့နယ် အိမ်ချောင်းလေ ရွာမှ လယ်သမားကြီး ဦးမြင့်စိုးက ပြောသည်။
"ပျိုးပင်ထောင်တာက အချိန်တလ ကြာပါတယ်။ အဲဒီဟာကို ပြန်စိုက်တော့ အချိန် သုံးလခွဲကြာပါတယ်။ စုစုပေါင်း အချိန် လေးလခွဲကြာမယ်။ သီးထပ်စိုက်ဖို့ဆိုရင်တော့ မမှီတော့ဘူး။" ဟုဆိုသည်။
ယင်းအပြင် လယ်တဧက စိုက်ပျိုးရန်အတွက် မျိုးစပါးကုန်ကျမှုမှာ နှစ်တင်းဖြစ်ပြီး အာဏာပိုင်များ၏ ကူညီမှုမှာ ထိရောက်မှုမရှိ ဟုလည်း လယ်သမားများက ဆိုသည်။ စိုက်ပျိုးစရိတ်မှာ တဧကအတွက် နှစ်သောင်းကျော်ကုန်ကျသည်ဟု လည်းဆိုသည်။
"တချို့ လယ်သမားတွေကတော့ ကိုယ့်ဟာကိုပြန်စိုက်ကြတာ တစ်ဧကကို မျိုးစပါးရော ၊ကောက်စိုက်သမစရိတ် ရော နှစ်သောင်းကျော်လောက်ကုန်တယ်" ဟု ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားကြီး ဦးမြင့်စိန်ကပြောသည်။
မျိုးစပါး ထုတ်ပေးမှု နောက်ကျခြင်းကြောင့် အချို့လယ်သမားများမှာ မိမိစရိတ်ဖြင့် မျိုးစပါး၊ ကောက်စိုက်စရိတ် စသည်တို့ကို စိုက်ထုတ် စိုက်ပျိုးပြီးဖြစ်သည်။ ယခု ထုတ်ပေးသည့် မျိုးစပါးကို ပြန်လည်ရောင်းချပါက စိုက်ပျိုး စရိတ် လေးထောင်ကျော်သာ ပြန်လည်ရရှိမည်ဖြစ်သည်။
ယခုလ ၁၂ ရက်နေ့ကလည်း ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်အတွင်းရှိ ရေမြုပ်ပျက်စီး လယ်မြေများ အတွက် မျိုးစပါး ၅၅၁၃ တင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပေးအပ်ခဲ့သည်။ ယင်းအပြင် ကန်ကြီးထောင့်တမြို့နယ်လုံး အတွက် မျိုးစပါး တင်းပေါင်း ၁၅၂၀၆ တင်းကို ဆက်လက်ထောက်ပံ့ပေးဦးမည်ဟု
လည်း စနေနေ့ထုတ် သတင်းစာများတွင် ဖေါ်ပြထားသည်။
သြဂုတ်လ ပထမပတ်မှ တတိယပတ်အထိ ရေကြီးမှုများကြောင့် ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ဧက ၂၇၀,၀၀၀ကျော် ရေလွှမ်းခံရပြီး ဧက ၅၀,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးခင်မောင်ချိုက ပြောသည်။
ဧရာဝတီတိုင်းအတွင်း ရေကြီးမှုများအတွက် သြဂုတ်လအတွင်း သမ္မတ ဦးသိန်းစိန်သွားရောက်ခဲ့ပြီး လယ်များ ပြန်လည်စိုက် ပျိုးရန် ထောက်ပံ့ငွေ သိန်း လေးထောင်ကျော် ပေးအပ်ခဲ့သေးသည်။ လူမှုရေးအဖွဲ့အစည်းတခုဖြစ်သော ပန်းရဲ့ လမ်းမှလည်း ကန်ကြီးထောင့်မြို့နယ်နှင့် ပုသိမ်မြို့နယ်များရှိ ရေဘေး ဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀ စီ လှူဒါန်းခဲ့သည်။
ယင်းအပြင် One More အဖွဲ့မှလည်း ရေကြီးဒဏ် ခံခဲ့ရသည့် သာပေါင်းမြို့နယ်အတွင်း စာသင်ကျောင်းဆောင်များ ပြန်လည်မွမ်းမံရန်၊ စာကြည့်တိုက် ပြန်လည်မွမ်းမံရန် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် ယခုလ ၁၁ ရက်နေ့က ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးခဲ့သေးသည်။