ကရုဏာအဖွဲ့က တရုတ်မှပြောင်းလာသော ဒုက္ခသည်များကို ဆန်နှင့်အစားစာ ကူညီပေး

ကရုဏာအဖွဲ့က တရုတ်မှပြောင်းလာသော ဒုက္ခသည်များကို ဆန်နှင့်အစားစာ ကူညီပေး
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၃ နယ်မြေတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်ကြားက ကရုဏာကူညီရေးအဖွဲ့မှ KIO ထိန်းချုပ်နယ်မြေရှိ လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းသို့သွားရောက်ကာ ဆန်အိတ် ရ၀၀ ခန့် နှင့် လိုအပ်သော အစားအစာများကို လာရောက် ကူညီပေးခဲ့သည်။

lana-zup-ja-dabang-nbapa
ကရုဏာကူညီရေးအဖွဲ့မှ လနာ့ဇွပ်ဂျာ (Lana Zup Ja) ရှိ ဒုက္ခသည်များအတွက် တစ်လစာ ဆန်၊ ဆီ၊ ဆပ်ပြာ များနှင့် ငွေကြေးများလာရောက်ကူညီသွားခဲ့ကြောင်း လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးမိုင်ကပြောသည်။

“မနေ့ညက ၅ နာရီလောက်မှာရောက်လာတာ။ အင်္ဂါနေ့ညလည်း ဆန်အိတ် ၁၀၀ ကျော် ကား ၃ စီးနဲ့ဟုတ်တယ်။ အခုကားတစ်စီးလိုသေးတယ်တဲ့ ဆန်အိတ်အကုန်လုံးဆိုရင် ရ၀၀ ကျော်မယ်လို့ပြောတယ်။”

၎င်း ဆန်၊ ဆီ၊ ဆပ်ပြာများကို လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းတွင် စက်တက်ဘာလ ၁၄ ရက်နေ့ ဝေငှ ပေးမည်ဖြစ်ပြီး နောက်ရက်များတွင် ဘွမ်စစ်ပါ ဒုက္ခသည်စခန်းနှင့် အခြားဒုက္ခသည်စခန်းများတွင်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့အခြေစိုက် ကရုဏာကူညီရေးဝန်ထမ်းများသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စခန်းသို့ကား ဖြင့်သွားနေချိန် KIA တပ်မဟာ ၃ နယ်မြေ စိန်လွန်( Sinlum) နှင့် ဗြန်ဝိုင် (Byeng Wai) ကြားရှိ ပန်ရှန် (Pang Shan) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသောကြာင့် ၄င်းတို့လုံခြံုရေးအတွက် အတော်အတန်စိုးရိမ်ခဲ့ရသည်ဟု ကရုဏာအဖွဲ့မှ တာဝန်ရှိသူ ဆရာနော်ဒင်းက ပြောသည်။

“မနေ့ကလိုမျိုး သူတို့သွားနေတဲ့အချိန်မှာ သူတို့ရှေ့မှာတင် ဗုံးပေါက်လာတဲ့ဟာမျိုးတွေလည်းရှိတော့ လုံခြံုရေးက နည်းနည်းကြောက်ရတာတွေရှိတယ်။”

တရုတ်နိုင်ငံ နောင်တောင်း (Nongdao) ခရိုင်တွင် ထွက်ပြေးခိုလှုံနေရာမှ တရုတ်အစိုးရက နေရပ် ပြန်လည် နေထိုင်ခိုင်းလိုက်သည့့်အတွက် ကချင်ပြည်နယ် လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်းတွင်ပြန် လည်ပြောင်းရွှ့နေအခြေချခိုလှုံလာသော ဒုက္ခသည်များကို ကရုဏာကူညီရေးအဖွဲ့များသည် ဒုတိယကြိမ် လာရောက်ကူညီခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း Wunpawng Ninghtoi (WPN) မှ ကြက်သွန်၊ ငရုပ်၊ အာလူး၊ ပဲသီး၊ ဆား နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို တလစာအတွက် လာရောက်ကူညီပေးခဲ့ကြောင်း လနာ့ဇွပ်ဂျာ တာဝန်ရှိသူများပြောသည်။

လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းတွင်ရှိသော ဒုက္ခသည်များသည် ကျေးရွာ ရ၀ မှ ထွက်ပြေးရောက်ရှိ ခိုလှုံလာ သူများဖြစ်ပြီး ယခုချိန် အိမ်ထောင်စု ၆၀၂၊  လူဦးရေ ၂၆၉၉ ဦးရှိကြောင်း ၎င်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဆရာမ ဂျီးရာ (Saranum Ji Ra) ကပြောသည်။

တရုတ် နောင်တောင်းခရိုင်တွင် စခန်း ၆ ခု ထားရှိကာ ခိုလှုံနေသောဒုက္ခသည်များကို တရုတ်အစိုးရသည် တိုက်ပွဲများရပ်သွားပြီဖြစ်သောကြောင့် မိမိနေရပ်သို့ ပြန်လည်ခိုလှုံရန် ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ယခုလက်ရှိအခြေအနေတွင်မူ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ပညာရေးစသည့် လိုအပ်ချက်များအတွက် အခြေခံမှအစ ပြန်လည်ထူထောင်ပေးနေရခြင်းလည်း ဖြစ်ကြောင်းသိရသည်။

Most read this week