ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့

ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း လားရှိုးရေဘေးဒုက္ခသည်နှင့်တွေ့
by -
သျှမ်းသံတော်ဆင့်

စက်တင်ဘာ ၁၄ ရက် ယနေ့  ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ရောက်ရှိ ကာ ရေဘေးဒုက္ခသည် ဒေသခံများ နှင့်တွေ့ဆုံခဲ့ကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။

ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
“သျှမ်းစာပေယဉ်ကျေးမှု ရုံးမှာရေဘေးဒုက္ခသည်တွေနဲ့တွေ့တယ်။ ပိုက်ဆံတယောက် သုံးသောင်းပေးတယ်။ ဆန်အိတ်ကိုတော့ ၅၀ လာချထားပေးတယ်။ မခွဲပေးသေးဘူး။ ဒုသမ္မတနဲ့အတူ ကုမ္မဏီတွေလဲလာတယ်။ စားစရာတွေ၊ အသုံးအဆောင်တွေ လာပေးတယ်။ ကူညီထောက်ပံ့တဲ့အနေနဲ့ပေါ့။    ရေဘေးဒုက္ခခံကြရတဲ့ မြို့တွင်းနေဒေသခံတွေအပြင် အီနိုင်း၊ နားကွန်း၊ နားမခေါ်၊ ဆွန်ကွယ် ရွာတွေက  မိသားစု ၅၀၀-၆၀၀ လောက်ရှိတယ်။ ” - ဟု  ကျားဖြူပါတီ၏ အမျိုးသားလွှတ်တော်အမတ် စိုင်းစံမင်းက ပြောသည်။

ဒု သမ္မတသည် ယနေ့ညနေပိုင်း လားရှိုးသို့ရောက်သည်နှင့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ရုံး၌ဒုက္ခသည် များအတွက် ငွေကြေးနှင့်ဆန်များထောက်ပံ့ကူညီခဲ့ပြီးနောက်ပိုင်း ရေဘေးဒုက္ခသည်အများဆုံး ရှိသော ရပ်ကွက် ၉ သို့ သွားရောက်ကြည့်ရှုခဲ့သည်ဟု စိုင်းစံမင်းက ပြောသည်။

လားရှိုးအပြင် သိန္နီ၊ ကွတ်ခိုင်၊ မူစယ်၊ နမ့်ခမ်းဘက်သို့လည်း  ဒေသဖွံ့ဖြိုးမှုဆိုင်ရာနှင့် သဘာဝဘေးဒုက္ခရင်ဆိုင် ရသူများအား  ကြည့်ရှုအားပေးရန်သွားဖို့ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

“ကျနော်တို့ မူစယ် နမ့်ခမ်းဘက်လဲလာမယ်ပြောတယ်။ ၉ ရက်နေ့ ကတည်းက သတင်းကြားထားတာ။ မီးသတ်တွေ ၊ ကင်းတွေတော့ အဆင်သင့်ချထားတာ နှစ်ပတ်လောက်ရှိပြီ ” - ဟု နမ့်ခမ်းသား စိုင်းခမ်းက ပြောပါသည်။

မူစယ် နှင့် နမ့်ခမ်းမြို့နယ်ဘက်တွင် မြေကွက်သိမ်းခံရသည့်ပြဿနာအပြင် လားရှိုးမြို့တွင် ဂျူလိုင်လက  နှစ်ကြိမ်၊ ဩဂတ်စ် ၁၉ ရက်နေ့က တကြိမ် ရေကြီးသောကြောင့် ရေဘေးဒုက္ခခံရသူ နှစ်ထောင်ကျော်ကြောင်း၊ အိုးအိမ် နှင့် ခြံမြေများ ပျက်စီးဆုံးရှုံးမှု သန်းပေါင်း ထောင်ချီကြောင်း၊ ရေကြီးမှုကြောင့် လမ်းတံတားများ လည်း ပျက် စီးကြောင်း လားရှိုးမြို့ ရပ်မိရပ်ဖ SNLD ပါတီဝင်တဦးက ပြောပါသည်။

နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ခိုင်ဖြိုးပါတီဝင်၍ ရွေးကောက်ပွဲဝင်ချိန် အထိ သျှမ်းတမျိုးသားလုံးဆိုင်ရာ စာပေယဉ်ကျေးမှု ၏ (လားရှိုးမြို့) ဗဟိုကော်မတီ ဥက္ကဌ အဖြစ် တာဝန်   ခဲ့သူဖြစ်သည်။