နှစ်လကျော် ကြာမြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံက ပိတ်ပင်ထားသော မြန်မာနိုင်ငံမှ အအေးရိုက် အမဲသားတင်သွင်းခွင့်ကို ယခုနှစ်ထဲမှာပင် ပြန်လည် ဖွင့်ပေးအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ပြောကြားလိုက်သည်။
“ဒီနှစ်မကုန်ခင်တရုတ်ကို အေးခဲအမဲသား တင်ပို့နိုင်ဖို့ လောလောဆယ် နှစ်ဖက် တိရိစ္ဆာန်ဆေးကုဌာနတွေ အချင်းချင်းညှိနေတယ်။ ပြီးတော့ ဒီက လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်” ဟု မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ (၁) ဦးဝင်းစိန်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကျွဲ ၊နွား ခွာနာ လျှာနာ ကင်းစင်မှုမရှိသော်လည်း တစ်နိုင်ငံလုံးအနေနှင့်မကြည့်ဘဲ နိုင်ငံတွင်း ကင်းရှင်းဧရိယာ တစ်ခုအပေါ် တရုတ်နိုင်ငံနှင့် ညှိနှိုင်းပါက ပြေလည်နိုင်လိမ့်မည်ဟု မျှော်လင့်ကာ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေနှင့် ကြိုးစားဆောင်ရွက်နေလျက်ရှိသည်။
သားရေနှင့်ပတ်သက်၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေး အဖွဲ့၏ ဥပဒေအရလည်း သားရေဆားနယ်များကို ဆိုဒီယမ် ကာဗွန်နိတ်တွင် ၂၈ ရက်ကြာ စိမ်ထားပါက ခွာနာလျှာနာပိုး သေစေနိုင်သည်ဟု ဖော်ပြထားမှုအပေါ် ဆွေးနွေး တင်ပြပြီး တရုတ်အာဏာပိုင်များကို နားချရန် စဉ်းစားထားကြသည်။
မြန်မာနိုင်ငံမှ တင်ပို့သည့် အေးခဲအမဲသားများတွင် ခွာနာလျှာနာရောဂါပိုး ပါရှိသည်ကို တွေ့ရှိပြီးနောက် တရုတ်နိုင်ငံ က ဇူလိုင်လဆန်းမှစတင်၍ တင်သွင်းခွင့်ပိတ်ပင်ခဲ့သည်။
ဒီဇင်ဘာလတွင် ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြုလုပ်မည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပြပွဲ မတိုင်ခင် ဖြေရှင်း သွားရန်လိုသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်သို့ပြောကြားထားခဲ့သည်။
မူဆယ် ကုန်သွယ်ရေးပြပွဲတွင် ယခင်နှစ်က သားရေပို့ကုန်ပြခန်း နှစ်ခုပါရှိခဲ့ပြီး ယခုနှစ်အတွက်မူ မဆုံးဖြတ်ရသေးဘဲဖြစ်နေသည်။
၂ဝ၁၂-၁၃ဘဏ္ဍာနှစ်အစ ဧပြီလမှဇွန်လအထိ သုံးလအတွင်း အေးခဲအမဲသားတန်ချိန် ၄.၈၈၄ တန် ကို တရုတ်နိုင်ငံ သို့ တင်ပို့နိုင်ခဲ့ပြီး ရက်သတ္တပတ်လျှင် အေးခဲအမဲသားတန်ချိန် ၄ဝဝ ရှိနေခဲ့ရာက ဇွန်လ၂၇ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၄၅ တန်သာ နောက်ဆုံးတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းတွင်ဖော်ပြပါရှိသည်။