KIA နှင့် လွယ်ဂျယ်အနီးတိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ

KIA နှင့် လွယ်ဂျယ်အနီးတိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃)  နယ်မြေတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ယမန်နေ့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက် ၂၆ ဦးသေဆုံးခဲ့ကြောင်း KIA ကပြောသည်။

ဖါးကန့်တွင် မြင်တွေ့ရသော ကေအိုင်အေ တပ် ၆ တပ်သားများ။
KIA တပ်မဟာ (၃) နယ်မြေ ဗန်းမော်-လွယ်ဂျယ် သွားလမ်းရှိ ပန်ရှန်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၂ ရက် ယမန်နေ့ မနက် ၆ နာရီမှ နာရီဝက်ကြာ အစိုးရစစ်တပ် ခလရ (၂၃၇) တပ်ဖွဲ့နှင့် KIA တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ် ကျဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိများပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားသည် လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ဖြစ်ပွားချိန် KIA ဘက်မှ RPG ဖြင့်ပစ်ခတ်တိုက်ခိုက်လိုက်ရာ အစိုးရဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒဏ်ရာရခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောသည်။

ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ မှော်ဝမ်းကလေးတွင် ညနေ ၆ နာရီမှ ၁ နာရီကြာတိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဖားကန့်ဒေသခံများပြောသည်။

ထို့အတူ တချိန်ထဲတွင် ဖားကန့်ဒေသ ဆွတ်ငိုင်ကောင် (Sut Ngai Kawng) ကျောက်စိမ်းမှော်တွင် အစိုးရစစ်တပ်ဖွဲ့နှင့် KIA ကြားဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများပြောသည်။

ဆက်လက်၍ ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်များအခြေစိုက်ရာနေရာများတွင် အစိုးရတပ်များထိုးစစ်ဆင်ဝင်ရောက်လာဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

Most read this week