အစိုးရမှ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်မှုများ မပြုလုပ်နိုင်ရန်နှင့် တိုင်းရင်းသားများ ဘက်မှလည်း မဖြစ်နိုင်သည့် မတရားတောင်းဆိုချက်များ ပြုလုပ်နိုင်ရန် ပင်လုံညီလာခံကဲ့သို့သော ဒုတိယပင်လုံ ညီလာခံတခု ကျင်းပ၍ ဘုံသဘောတူညီချက်ချမှတ်နိုင်ရေး ဆွေးနွေးသင့်နေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
“အားလုံးပါဝင်နိုင်တဲ့ ညီလာခံကြီးတခုကို ခေါ်ပေးရမယ်။ ကျနော်တို့ပြောတာကတော့ အရင်ပင်လုံတွေ ကျင်းခဲ့ကြ သကဲ့သို့ ညီလာခံကြီး တခုကို ကျင်းပရမယ်။ အဲဒီမှာတော့ အကုန်လုံးပါဝင်ရမယ်။ ပါဝင်သင့်တဲ့လူတွေ အကုန်လုံး ပါဝင်ရမယ်။ အဲဒီမှာ ဘုံသဘောတူညီချက် တခုကို ရအောင် ကျနော်တို့က ဝိုင်းပြီးမှ ဆွေးနွေးရမယ်။ လူထုရဲ့ရှေ့မှာ အစည်းအဝေးလုပ်ရမယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် အစိုးရကလည်း မတရားလုပ်လို့ မရတော့ဘူး။ ကျနော်တို့ ဘက်ကလည်း မတရားတောင်းဆိုလို့ မရတော့ဘူး။ အဲတော့ အားလုံးက ဝိုင်းပြီးကြည့်နေရမယ်” ဟု ဗိုလ်ချုပ်ဂွမ်မော် က ဆိုသည်။
သြဂုတ်လ ၁၂ ရက်မှ ၂၂ ရက်နေ့ထိ ကချင်ငြိမ်းချမ်းရေးကွန်ယက် အဖွဲ့ဝင်များက တရုတ်နယ်စပ် KIO ၏ ဌာနချုပ် လိုင်ဇာမြို့သို့သွားရောက်၍ KIO ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုကို ဘားမား ဗီဂျေမီဒီယာက ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန်မှာ ဒုတိယ ပင်လုံညီလာခံ၏ ဘုံသဘောတူညီချက်များဖြင့်သာ ပြင်ဆင်နိုင် မည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ယူဆသည်။ သူက လွှတ်တော်အတွင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သည် လွှတ်တော် အတွင်း တပ်မတော်အရာရှိများ ပါဝင်နေခြင်းကြောင့် ပြင်ဆင်၍ မရနိုင်ဟုလည်း ယူဆနေသည်။
"လွှတ်တော်ထဲမှာ ပြင်လို့ မရသလို၊ ပြည်သူ့ဆန္ဒခံ ဖြစ်လာဖို့လည်း ဘယ်လိုမှ မဖြစ်လာနိုင်ဘူး။ အဲတော့ ကျနော်တို့ ကတော့ အပြင်မှာ ညီလာခံ ကြီးတခုမှာ ဘုံသဘောတူညီချက်တခုကို မရဘူးဆိုရင် ဒီဥပဒေကို ဘယ်လိုမှ ပြင်လို့မရ ဘူး။ ဒါကြောင့် လွတ်တော်ပြင်ပမှာ ဒါကို လုပ်ချင်တယ်လို့ ဦးအောင်မင်းကိုပြောတယ်။ ပထမပိုင်းတော့ ဟုတ်တယ်တဲ့ ဒါပေမဲ့ ဒီက ဆွေးနွေးချက်ကို လွှတ်တော်ပြန်ယူသွားဖို့ လိုအပ်တယ်လို့ ဒါကြောင့်မလို့ ဒီဟာကို ဦးသိန်းဇော်ကို တာဝန်ပေးရမယ်။ ဒါပေမဲ့ ခုကျတော့ ဒီလေသံကတော့ ပျောက်သွားပြန်ရော”ဟု ပြောသည်။
KIO နှင့် အစိုးရအကြား တနှစ်ကျော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့မှုအပေါ် လွှတ်တော်အနေဖြင့် မည်သို့ သဘောထားရှိမှု၊ တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးခြင်း ရှိ၊ မရှိကို KIO အနေဖြင့် အမှန်တကယ် သိရှိလိုကြောင်းနှင့် လွှတ်တော်က တိုက်ပွဲရပ်ရန် ဆုံးဖြတ် ချက်ကို တပ်မတော်က နာခံမှုမရှိခြင်းလား ဟူသည့် မေးခွန်းကိုလည်း မေးမြန်းထားသည်။
တိုက်ပွဲများ မဖြစ်ပွားစေရန် KIO နယ်မြေအတွင်း နီးကပ်နေသော အစိုးရ၏ စစ်တပ်များအား ဆုတ်ခွာရေးဆွေးနွေး ရန် ပြင်ဆင်လိုက်တိုင်း အစိုးရဘက်မှ ဆွေးနွေးမှုကို ရပ်ဆိုင်းထားမှု ဖြစ်နေသည်ဟု သူက ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွှတ် သဘောတွေ့စဉ် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒု-ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် KIO ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွပ်မော်တို့ စစ်တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးရန် သဘောတူခဲ့ပြီး နောက် ယနေ့ထိ နှစ်လကျော်ကြာ ပြန်လည် တွေ့ဆုံခြင်း မရှိခဲ့ပေ။
KIO က ယခင်ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလပ်ခဲ့ပြီး ယခုတကြိမ်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့မည်သည့် ဘယ်နေရာ၌၊ မည်သူက တာဝန်ယူမည်ဟူ၍ ဆက်လက် ဆွေး နွေးကြမည်ကို စာတင်ထားသော်လည်း အစိုးရဘက်မှ တု့ံပြန်ခြင်းမရှိခဲ့ကြောင်း သူက ဆိုသည်။
ထို့နောက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က လာအိုနိုင်ငံတွင် သွားရောက်တွေ့ဆုံရန် ထပ်မံ ကမ်းလှမ်းလာ မှုကို KIO ဘက်မှ ငြင်းဆိုခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ထပ်မံတွေ့ဆုံ၍ နေပြည်တော်သို့ သွားရောက်ရန် ထပ်မံ ကမ်းလှမ်းခဲ့မှု ကိုလည်း KIO ဘက်မှ ပယ်ချခဲ့သည်။
KIO ၏ တောင်းဆိုချက်များအား ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ်စပ်ရေးရာ ဝန်ကြီး ဦးသန်းအောင်နှင့် သုံးကြိမ်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သောင်သာအမတ် ဦးအောင်သောင်း ဦးဆောင်သောအဖွဲ့နှင့် သုံးကြိမ်နှင့် လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ သုံးကြိမ် စုစုပေါင်း အနည်းဆုံး ၉ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
လာမည့် ၂ဝ၁၅ ခုနှ ရွေးကောက်သည် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှ မြန်မာ့ ဒီမိုကရေစီအရေး အမှန်တကယ် ပြောင်းလဲနိုင်မည်ဟုလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ထည့်သွင်း ပြောဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကလည်း “တမျိုးသားလုံး ဆိုင်ရာ ညီလာခံကြီး” ကျင်းပ၍ ထိုမှ တမျိုးသားလုံး ဆိုင်ရာ သဘောတူညီချက် ရရှိရန် အင်အားစုများ အားလုံး ပါဝင် လက်မှတ် ရေးထိုးကြရန်နှင့် တမျိုးသားလုံးဆိုင်ရာ သဘောညီချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက် ဆောင်ရွက်ရန် ထုတ်ပြန်ထား သည်။
UNFC တွင် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း
တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအဝင် ၁၂ ဖွဲ့ ပါဝင်ပြီး ယင်းအဖွဲ့များသည် ပြည်ထောင်စုအဆင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထူးပြီး
ဖြစ်သည်။