လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဖို့ ထပ်မံဆန္ဒပြပြန်

လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်ဖို့ ထပ်မံဆန္ဒပြပြန်
by -
မဇ္ဈိမ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း ကြေးနီစီမံကိန်း ရပ်တန့်ပေးရန်နှင့် ဆားလင်းကြီး ဆန္ဒပြပွဲနှင့် ဆက်စပ်အဖမ်းခံရသူများကို ပြန်လွှတ်ပေးရန် ဆားလင်းကြီး ဒေသခံ ၅၀၀ ခန့် အင်္ဂါနေ့တွင် ချီတက် ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုဇော်ဦးကပြောသည်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးဝန်ကျင်က ရွာပေါင်းစုံ ပါပါတယ်။ ကြွေးကြော် ဆန္ဒပြနေတာပါ။ မတရားဖမ်းဆီးမှုတွေပေါ့ဗျာ။ ကိုဝေဋ္ဌု၊ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ပြန်လွှတ်ပေးဖို့ အော်နေတယ်။ တရားဥပဒေ စိုးမိုးရေး၊ လက်ပံတောင်းကြေးနီ စီမံကိန်း ရပ်ဆိုင်းပေးရေးတို့ အော်နေတယ်။ တောင်းဆို နေကြတာပါ။ ဆားလင်းကြီး ရဲစခန်းရှေ့မှာပါ” ဟုဆိုသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ အင်အား ၅၀၀ ခန့်ရှိပြီး နေ့လည် ၁ နာရီမှစတင်သည့် ဆန္ဒပြမှုတွင် “မတရားဖမ်း ဆီးမှုများ ရပ်တန့်ရေး ဒို့အရေး ဒို့အရေး” “တရားဥပဒေစိုးမိုးရေး ဒို့အရေး ဒို့အရေး” လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဒို့အရေး ဒို့အရေး အစရှိသည့် ကြွေးကြော်သံများ ဟစ်ကြွေးလျက် ဆန္ဒထုတ် ဖေါ်ခဲ့ကြသည်ဟု ကိုဇော်ဦးက ပြောသည်။

ဆန္ဒပြသူ ကျေးရွာသူ၊ သားများအား ပြည်သူ့အကျိုးဆောင်အဖွဲ့မှ အကူအညီ ပေးလျက်ရှိပြီး ဆားလင်းကြီး ရဲစခန်း အတွင်း လုံခြံုရေးအင်အား ၃၀ ခန့်က စောင့်ကြည့်လျက်ရှိသည်။

အဆိုပါ စီမံကိန်း ရပ်တန့်ပေးရန် သောကြာနေ့က ကြေးနီတောင်နှင့် ကပ်လျက်ရှိသည့် ချင်းတွင်းမြစ် အရှေ့ဘက် အခြမ်းတွင် လူထု ၅၀၀ ခန့် အနောက်ဘက်ကမ်းတွင် ၃၀၀ ခန့်တို့က လက်ပန်းတန်းတောင် တန်းကို ငေးမျှော် ကြည့်ရှု့ခြင်းဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့ကြသေးသည်။

မုံရွာ ဗကသများ အဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် ကိုနွေဦးက “လက်ပန်းတောင်းတောင်ကြီး ဖြိုချလိုက်ရင် မုံရွာ မြို့ဘေး ဖြတ်စီးသွားတဲ့ ချင်းတွင်းမြစ် တိမ်ကောမှုတွေ ဖြစ်မယ်။ သဘာဝဘေး အန္တရာယ်တွေ ကျရောက်လာမယ်။

မြစ်ရေကြီးမှုတွေ ဖြစ်မယ်။ အခုဆိုရင် လက်ပန်းတောင် တောင်အနီးမှာရှိတဲ့ ရွာတွေ သစ်ပင်တွေ စိုက်ပျိုးလို့ မရတော့တာတွေ၊ နောက်မြေအောက်ရေတွေမှာ အက်စစ်ဓါတ်တွေ ပါလာတာမျိုးတွေ များလာတဲ့အခါ ကြတော့ ကျနော်တို့ဒီ Campaign ကိုလုပ်တာပါ” ဟု စီမံကိန်း ကိုကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ မဇ္ဈိမကို မကြာသေးခင်က ပြောဆိုဖူးသည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ဆောင်ရန် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဝက်မှေးရွာအပြင်
ကျော်ရွာ၊ ဆယ်တည်း၊ တောင်သာနှင့် ဆီးတောရွာများ ပြောင်းရွှေ့ပေးရန်နှင့် လယ်မြေဧက ရ၈၀၀ ကျော်ကို
မြန်မာ့ဦးပိုင်လီမိတက်မှ သိမ်းယူခဲ့သည်။

အဆိုပါ လုပ််ဆောင်ချက်ကြောင့် ဇွန်လ ပထမပတ်တွင် ဒေသခံ ၂၀၀ ခန့်၊ သြဂုတ်လ တတိယပတ်တွင် ဒေသခံ ၁၀၀ ခန့်နှင့် ယခုလ ပထမပတ်တွင် ၄၀၀၀ ခန့်တို့က ယင်းတို့၏ မကျေနပ်ချက်များကို ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ကြ သည်။

လက်ပန်းတန်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ၁၉၉၄ ခုနှစ်တည်းက အကောင်အထည် ဖေါ်နေခြင်း ဖြစ်သည်။

Most read this week