၂၀၁၀ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့က တိုင်းပြည်ကို ပြောတဲ့အထဲမှာ ပြည်သူတွေ ရဲ့ဆန္ဒကို အလေးထားရမယ် ဆိုတဲ့ အချက်တစ်ချက် ပါ၀င်နေပါတယ်။ ဒီအချက်ပေါ်မှာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မိမိတို့ဌာနနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ “မိုးပွင့်စီမံချက်”ဆိုတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ထုတ်ပေးခြင်းကို ၂၀၁၁ခု နှစ်လယ်ပိုင်းမှာ စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“မိုးပွင့်သည် ပြည်သူတွေအတွက် အဆင်ပြေအောင် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးတဲ့ စီမံချက်ပဲဖြစ် တယ်။ ဒါ ကရင်ပြည်နယ်တစ် ခုတည်း မဟုတ်ဘူး။ အားလုံးကို ထုတ်ပေးတာ”လို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာအုပ်စုက ဒေသခံတွေကို နိုင်ငံသား စိစစ်ရေးကဒ်ပြား လုပ်ဆောင်ပေး နေချိန်အတွင်း စက်တင်ဘာလ ၂ရက်နေ့မှာ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်စီကို ရှင်းလင်းပြောဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး ၀န်ကြီးက “ပြည်သူတွေရဲ့ဆန္ဒက နိုင်ငံသားစိစစ်ရေးကဒ်ပြားကို လွယ်လွယ်ကူကူ၊မြန်မြန် ဆန်ဆန်၊ ချောချောမွေ့မွေ့ ရရှိချင်တာပေါ့။ အဲဒီဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အခု ဒီစီမံကိန်းကိုစတဲ့သ ဘောပဲ။ စီမံကိန်းနာမည် မိုးပွင့်ဆိုတာ မိုးပွင့်လေးတွေနဲ့ လူထုအပေါ်မှာ ပက်ဖြန်းပြီးတော့ လူထုတွေ စိတ်အေးချမ်းသာ ဖြစ်ပါစေတော့၊ ကျေနပ်မှုရပါစေတော့ဆိုပြီး လုပ်တဲ့သဘောဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အခုဆိုရင် မိုးပွင့်စီမံချက်(၃) ပြီးဆုံးလို့ မိုးပွင့်(၄)ကို လာမဲ့ အောက်တိုဘာလ ၁ရက်နေ့မှာ စတင်လုပ်ဆောင် မယ်လို့လည်း သိရပါတယ်။ မိုးပွင့်စီမံချက်ကို ကရင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘဲ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာလည်း ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီစီမံ ချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန က နေ့ချင်းပြီး(One stop Service) ကြီးကြပ်လုပ်ဆောင်နေတာဖြစ်ပြီး Norwegian Refugee Council-NRC က ၂၀၁၂ခုနှစ် မိုးပွင့်စီမံ ချက်(၃)ကျမှ ပူးပေါင်းရင်း အခမဲ့ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အစိုးရ၏ သတ်မှတ်ထားချက်အရ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ရာမှာ ထိုက်သင့်တဲ့ငွေကြေးအဖြစ် ငွေ ၆ကျပ်ပေးသွင်းရတယ်ဆို ပေမဲ့ အခုလို မိုးပွင့်စီမံချက်အရ NRC ကလည်း လိုအပ်တဲ့ နည်းပညာပိုင်းတွေမှာ ကူညီပေးနေတာကြောင့် စိစစ်ရေးကဒ် လုပ်ဆောင်သူ တိုင်း ငွေမကုန်ကျတဲ့အပေါ် အနည်းငယ်အလှမ်းဝေး တဲ့ရွာ ကလူတွေလည်း လမ်းစရိတ်အကုန်ခံ၊ လူပင်ပမ်းခံပြီး လာရောက်ကြတာကို တွေ့ရပါတယ်။
ဦးခင်ရီက “အဘကတော့ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၀င်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တော့ ကိုယ့်ပြည်နယ်လို သဘောထားပြီးတော့ ဒီနေရာမှာတော့ အလကားလုပ်ပေးနေတာ”လို့ ပြောပါတယ်။
ဒီစီမံချက်အရ အသက် ၁၀နှစ်ကစပြီး နိုင်ငံသားစိစစ်ရေးကဒ် လုပ်ဆောင်ပေးသွားတာဖြစ်သလို လာရောက်လုပ်ဆောင်သူတွေကလည်း ရှိပြီးသား မှတ်ပုံတင်တွေ ပျောက်သူ၊ ပျက်စီးသူတွေ မဟုတ်ကြဘဲ အားလုံးနီးပါးဟာ မှတ်ပုံတင်၊ နိုင်ငံသားကဒ် တခုခု မရှိခဲ့ဖူးသူတွေ သာ ဖြစ်ကြပြီး အချို့ကျေးရွာအုပ်စုတွေမှာ စိစစ်ရေးကဒ်လုပ်သူတွေဟာ လူလတ်ပိုင်း အသက် ၂၀မှ ၄၀ကြားအရွယ်တွေ ပိုများတယ်လို့ လည်း NRC ရဲ့ Field assistant နန်းအေးအောင်ဦးက ရှင်းပြပါတယ်။
နန်းအေးအောင်ဦးက “ကျမတို့ NRC အနေနဲ့က လာရောက်တဲ့သူတွေထဲမှာ ၁၈နှစ်အောက်ကဘယ်နှစ်ဦး ဆိုတာ စာရင်းယူပေးတယ်။ နောက်တော့ သွေးစစ်ပေးတယ်။ အခု သူတို့လိုအပ်တဲ့ ဒီမိတ္တူကူးတာတို့၊ ဓာတ်ပုံရိုက်တာတို့ ကွန်ပြူတာတို့ဘာတို့ကအစ ကျမတို့ NRC က ဆောင်ရွက်ပေးပါတယ်”လို့ ပြောပါတယ်။
နိုင်ငံသားဆိုတဲ့နေရာမှာ မွေးရာပါနိုင်ငံသားနဲ့ ဥပဒေအရလုပ်တဲ့ နိုင်ငံသားဆိုပြီးရှိတာမို့ မြန်မာပြည်မှာ အကြာကြီး နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း လူမျိုးစုတွေနဲ့ ဆက်စပ်နေတဲ့ မွေးရာပါနိုင်ငံသားစာရင်းဝင်သူ အဲဒီလူမျိုးစုတွေကို နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးတယ်။ သူတို့ဆန္ဒအရ အရင်က ခက်ခဲတဲ့ဟာတွေကို ဖြေလျှော့ပြီးတော့ လုပ်ပေးတယ်လို့ ၀န်ကြီးက ထပ်မံ ပြော ဆိုခဲ့ပါသေးတယ်။
ပြည်ထောင်စုဝန်ကြီးအနေနဲ့ အခုလို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုက ရွာခွဲ ၉ရွာမှာ စက်တင်ဘာလ ၂ရက်၊ ဖားအံမြို့နယ်အတွင်း သံလွင်မြစ်အနောက်ဘက်ကမ်းက ကော့ရင်းကျေးရွာအုပ်စုက ရွာခွဲ ၅ရွာမှာ စက်တင်ဘာလ ၄ရက်နေ့တွေမှာ သွားရောက်ကြည့်ရှုခဲ့တာကလည်း အစိုးရနဲ့ ကေအဲန်ယူတို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို တက် ရောက်ရချိန်နဲ့ တိုက်ဆိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
စက်တင်ဘာလ ၄ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်မှာ အစိုးရနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေ တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးတာနဲ့ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်စရှာထု ဝေါ်တို့ဟာ ၀န်ကြီးဦးခင်ရီ အပါအဝင် နေပြည်တော်နဲ့ ကရင်ပြည်နယ်က လဝကအရာရှိတွေနဲ့အတူ အောက်ကော့ရင်းရွာ ဘုန်းတော်ကြီး ကျောင်းကို သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကဒ် လာလုပ်တဲ့ ကရင်ရွာသူရွာသားများနဲ့ တွေ့ဆုံနှုတ်ဆက် စကားပြောဆိုခဲ့ကြပါတယ်။
နော်စီဖိုးရာစိန်က “အမှန်တော့ လောလောဆယ်မှာ ဒုက္ခသည်တွေထက် အခုလို ပြည်တွင်းထဲမှာနေပြီး ဘာနိုင်ငံသားကဒ်မှ မရသေးတဲ့ သူတွေက အများကြီး။ သူတို့ကို အရင်လုပ်ပေးတာက ပိုသင့်လျော်ပါတယ်။ IDP တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ကြည့် ပြီး တဆင့်ချင်းသွားရမှာပဲ”လို့ ပြောပါတယ်။
ဖားအံမြို့ခံတစ်ဦးကလည်း “အရင်က အစိုးရဝန်ထမ်း လဝကတွေဟာ ဒီလိုကျေးရွာတွေမှာ ၀င်လာပြီး မလုပ်ပေးရဲဘူး။ လုံခြံုရေးအရပေါ့။ အခုလိုစကားပြောဆိုချိန်ကာလမှာ သူတို့လည်း နှစ်ဖက်ခေါင်းဆောင်တွေ အာမခံချက်နဲ့ ရဲရဲတင်းတင်း ရွာတွေကိုဆင်းပြီး နိုင်ငံသားစိစစ် ရေးကဒ်ပြား လုပ်ပေးလို့ရဲတာ”လို့ ပြောပါတယ်။
မိုးပွင့်စီမံချက်ကို ဇူလိုင် ၁ရက်၊ ၂၀၁၁ခုနှစ်က စတင်ခဲ့တာဖြစ်သလို အခုဆိုရင် မိုးပွင့် ၁၊ ၂၊ ၃အထိ ပြီးစီးသွား ပါပြီ။ NRC ကတော့ လဝက ဌာနနဲ့ ၁၁ရက်၊ ၆လ၊ ၂၀၁၂မှာ စလုပ်ပါတယ်။ ဒီစီမံချက်အရကရင်ပြည်နယ် အတွင်းက ရမြို့နယ်စလုံးမှာ လူဦးရေ တစ်သိန်းရှစ်သောင်း ကျော်ကို တစ်ပြိုင်နက် လုပ်ဆောင်ရမယ်လို့ ရည်ရွယ်ထားပေမဲ့ အခု မိုးပွင့်စီမံချက်(၃)အထိ လူဦးရေ တစ်သိန်းတစ်သောင်းကျော် လုပ်ဆောင်ပြီးသွားပြီ ဖြစ်ကြောင်းကို ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်း ဇော်က ကေအိုင်စီကို အခုလို ပြောပါတယ်။
“မြို့နယ်တိုင်းက ရွာတွေ အတော်များများတော့ လုပ်ပြီးသွားပြီ။ ဖာပွန်မြို့နယ်မှာတော့ မိုးတွင်းဘက်မို့ အနည်းငယ် သွားရခက်နေတာ တစ်ခုပဲ ရှိပါတယ်။ အရင်တုန်းကတော့ လုံခြံုရေးကန့်သတ်တဲ့ နယ်မြေတွေ သွားလို့မရဘူး။ မြဝတီဆို ကုက္ကိုလ်အထိ၊ ကြာအင်းဆိပ်ကြီး ဆို ကြာအင်းဆိပ်ကြီးပဲ ရတယ်။ ဘုရားသုံးဆူက မဲ့ကသာဘက်မှာဆို အရင်က သွားလို့မရဘူး။ အခုဆို သွားလို့ရပြီ။ ဒါဟာ ငြိမ်းချမ်းရေး ရဲ့ အနှစ်အရသာကို ပြည်သူတွေခံစားရတဲ့ ကနဦးရလဒ်ပေါ့လေ”
ဒါ့အပြင် အခုလို ကျေးရွာအတွင်း နိုင်ငံသားစိစစ်ရေးကဒ် လာရောက်လုပ်ဆောင်နေချိန်အိမ်နီးချင်းနိုင်ငံ တွေမှာ အလုပ်လုပ်နေသူ၊ ခရီး ရက်ရှည် သွားနေသူတွေအဖို့ နေရပ် ပြန်လည်ရောက်ရှိလာတဲ့အခါ ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကော့ရင်းကျေးရွာအုပ်စုအတွက် အောက်ကော့ရင်းရွာ ဘုန်းတော်ကြီးကျောင်းမှာ ရွာသူရွာသားတွေကို နိုင်ငံသားစိစစ်ရေးကဒ် သွား ရောက်လုပ်ဆောင်သူ အောက်ကော့ရင်းရွာသူ သားသည်မိခင်တစ်ဦးက “ဓာတ်ပုံရိုက်(စိစစ်ရေးကဒ်လုပ်)တာကို ၀မ်းသာပါတယ်။ ကျမ တို့ရွာက ဖားအံနဲ့ဘယ်လောက်မှမဝေး တာတောင် မှတ်ပုံတင်မရှိတာ အများကြီးပဲ။ ဒီထက်ပိုဝေးတဲ့ရွာက လူတွေဆို ပိုဆိုးတာပေါ့”လို့ ပြောပါတယ်။
NRC ဟာ လဝကဌာနနဲ့ မိုးပွင့်စီမံချက်(၃)ကျမှ စတင် ပူးပေါင်းလုပ်ဆောင်ချိန်မှာ ကျေးရွာသူရွာသား တွေအနေနဲ့ ငွေကြေးပေးဆောင်ရ ခြင်း မရှိပေမဲ့ ဒီမတိုင်ခင်ကတော့ ပုံမှန်အားဖြင့် ကျပ် ၅ထောင်ကုန်ကျ သော်လည်း ရုံးလုပ်ငန်းပြင်ပအချိန်နှင့် စနေ၊ တနင်္ဂနွေ နားရက် တွေမှာ လုပ်ဆောင်သူတွေကငွေကျပ် တစ်သောင်းနှစ်သောင်းကျော် ကုန်ကျတယ်လို့လည်း ကိုယ်တိုင်သွားရောက် လုပ်ဆောင်ခဲ့သူတွေ က ပြောဆိုနေကြပါတယ်။
ဖာပွန်မြို့နယ်၊ ကမမောင်းမြို့မှာ စိစစ်ရေးကဒ်လုပ်ခဲ့သူ ကရင်လူငယ်တစ်ဦးက “ကျနော်တို့လုပ်တုန်းက ဖေဖော်ဝါရီ လ ၁၅ရက်လေ။ ရုံးပိတ်ရက် တနင်္ဂနွေနေ့မို့ နှစ်သောင်းငါးထောင်ကုန်တယ်။ ပုံမှန်အတိုင်းဆို ကျပ် ၅ထောင်ပဲ ကုန်တယ်လေ။ ဒါပေမဲ့ တစ်ရက်တည်း အပြီးရတာ အတော်ကောင်းတယ်”လို့ ဆိုပါတယ်။
မိုးပွင့်စီမံချက်ထဲမှာ ပါ၀င်လုပ်ဆောင်ပေးနေတဲ့ လဝကဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ အသက် ၁၀နှစ်မှစလုပ်သူများမှာ အသက် ၁၈နှစ်ပြည့်လျှင် နိုင်ငံသားစိစစ်ရေးကဒ်ကို အသစ်တဖန် ထပ်မံ ပြောင်းလဲရမှာဖြစ်ပြီး ပျောက်သွား၊ ပျက်သွားပါက လဝကရုံးတွင် ပြန် လည်လျှောက်ထားနိုင်သလို အခုလုပ်ဆောင်နေသူတွေဟာ နိုင်ငံသားစိစစ်ရေးကဒ် တကြိမ်တခါမှ မလုပ်ဖူး၊ မကိုင်ဆောင်ဖူးသူတွေသာ ဖြစ်တယ်လို့ သိရပါတယ်။
၁၉၄၇ခုနှစ်ရဲ့ နိုင်ငံသားများ မှတ်ပုံတင်ရေး နည်းဥပဒေအရ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေကို မှတ်ပုံတင်ထား တာကို အမျိုးသားမှတ်ပုံတင်လို့ ခေါ်ခဲ့ပြီး အခုလုပ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ် ရဖို့ကျတော့ အိမ်လိပ်စာတွေ၊ ပုံစံ ၁၀တွေ၊ မိသားစုဝင်စာရင်းတွေ ရှိရပြီး ဒီကဒ်ပြားတစ်ခုရဖို့ အတွက် သူ့ရဲ့ မျိုးရိုးစဉ်ဆက် စိစစ်တာတွေ ရှိလာပါတယ်။
“လူတစ်ယောက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းဆိုတာ နိုင်ငံတစ်နိုင်ငံ အချုပ်အခြာအာဏာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါ အင်မတန် အရေးကြီးတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား ဆိုတာကတော့ ပိုပြီးတော့ လေးနက်တာပေါ့လေ။ သို့သော် အမျိုးသားမှတ်ပုံတင် ကဒ်ပြားဆိုတာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပါပဲ”လို့ ၀န်ကြီးဦးခင်ရီက ရှင်းပြပါတယ်။
လက်ရှိအချိန်ထိ ကေအဲန်ယူနဲ့ အစိုးရတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်းများကို မူအားဖြင့် သဘောတူညီတဲ့အဆင့်သာ ရှိသေးတဲ့အတွက် တကယ်နိုင်ငံရေးဆွေး နွေးပွဲသို့ မရောက်ရှိသေးပါဘူး။ ဒီအတွက် ဌာနေမဲ့ပြည် သူတွေနဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်အများစု ပါ၀င်တဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ခြင်း၊ အလုပ်အ ကိုင် ရှာဖွေပေးခြင်းနဲ့ နိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးရမဲ့အချိန်ဟာ ငြိမ်းချမ်းရေးရဲ့ အကျိုး ဆက်အပေါ်မှာသာ တည်မှီနေတယ်လို့လည်း ၀န်ကြီးဦးခင်ရီက အခုလို ပြောဆိုသွားပါတယ်။
၎င်းက “ဒီ Peace process ကြီးတစ်ခုလုံးမှာ အဓိကကျတာက Ceasefire. Ceasefire ပြီးပြီဆိုတာနဲ့ တပြိုင်နက် Demining (မိုင်းရှင်း လင်းရေး) လုပ်ပြီးတော့ အဲဒီနေရာတွေကို သွားပြီးတော့ ချဉ်းကပ်ရတော့ မယ်။ ကေအဲန်ယူမိသားစုတွေ ပြန်လည်နေရာချထားရမယ်။ IDPs တွေ ပြန်လည်နေရာချထားရမယ်။ Refugee တွေ ပြန်လည်နေရာချထားရမယ်။ အဲဒီလူတွေအားလုံးဟာ မွေးရာပါနိုင်ငံသားတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးဖို့ အဆင်သင့်ပဲ။ မြန်မြန်ဆန်ဆန်ငြိမ်းချမ်းရေးရ သွားဖို့ပဲ လိုတယ်။ မြန် မြန်ဆန်ဆန် ဒီ Step တွေ ပြီးသွားဖို့ပဲလိုတယ်”လို့ ပြောဆိုသွားပါတယ်။