လူထုအကြား ဒီမိုကရေစီအကြောင်း ချပြနိုင်ဖို့ KNPP နှင့် BCES စုပေါင်းသင်တန်းပေး

လူထုအကြား ဒီမိုကရေစီအကြောင်း ချပြနိုင်ဖို့ KNPP နှင့် BCES စုပေါင်းသင်တန်းပေး
by -
ကန္တာရဝတီတိုင်း(မ်)

အပစ်ခတ်ရပ်စဲရေးကာလ ငြိမ်းချမ်းရေး လုပ်နေတဲ့လုပ်ငန်းစဉ်တွေကို ဖော်ဆောင်နေချိန်မှာ လူထုတွေအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်နားလည် နိုင်ဖို့အတွက် KNPP ကနေပြီး သင်တန်းတရပ်ပြုလုပ်ပေးတယ် လို့သိရပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ Burma Centre for Ethnic Studies (BCES) ( ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ရေးရာတွေကို လေ့လာပြီးတော့ သုတေသနပြုတဲ့ အဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်တနေရာမှာ စက်တင်ဘာလ ၅ရက်နေ့မှ ရရက်နေ့အထိ ပြုလုပ်ပေးခဲ့တာပါ။

အဆိုပါသင်တန်းကို ကရင်နီလူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအပါအဝင် သင်တန်းသား ၃၀ တက် ရောက်ခဲ့ပါတယ်။

"ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနှစ်၊ တပါတီအာဏာရှင်စနစ်တွေက လွမ်းမိုးအုပ်ချုပ်လာခဲ့တော့ ကျနော်တို့ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီဆိုတာဘာလဲမသိကြဘူး .. ပြီးတော့ စစ်မှန်တဲ့ဖယ်ဒရယ်ပြည် ထောင်စုဆိုတာ လည်းမသိကြဘူး .... ပြီးတော့လူ့အခွင့်အရေးဆိုတာ လည်းမသိကြဘူး။ လူကကိုယ့်အခွင့် အရေးကိုမသိလို့ရှိရင် ဘယ်လိုလုပ်ပြီးတော့ ဒီအခွင့်အရေးရအောင် ဘယ်လိုလုပ် တိုက်ပွဲဝင်မလဲ။ ပြီးတော့ ဒီအခွင့်အရေးတွေ ဒီတန်းတူမှုတွေ ဒီမိုကရေစီ အကြောင်းတွေမသိပဲနဲ့ တိုင်းပြည်ကို ဘယ်လိုငြိမ်းချမ်းအောင် ပြန်လည် တည်ဆောက်လို့ရမလဲ ။ ဒါတွေက ကွင်းဆက်တွေရှိတယ် အဲဒါကြောင့် ကျနော်တို့ကဒုတိယအ နေနဲ့က ကျနော်တို့ဘာလုပ်လဲဆိုရင် ခုဒီ မှာလာပြီးတော့ သင်တန်းတွေပေးတယ်။ သင်တန်းတွေပေးတာက ဒီမိုကရေစီကျင့်စဉ်တရားတွေကို ကျနော်တို့ အခုပထမပေးတယ်"

BCES မှ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက သင်တန်းပြုလုပ်ရခြင်း အကြောင်းရင်းနဲ့ပါတ်သက်ပြီး ရှင်းပြသွားတာဖြစ်ပါတယ်။

KNPP အနေနဲ့ကတော့ ပြည်တွင်းမှာရှိတဲ့ ကရင်နီပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံသဘောတရားတွေကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်အောင် လုပ်ဆောင်သွားဖို့ရှိတယ် လို့ KNPP အတွင်းရေးမှူး (၂) ဆရာအောင်ဆန်းမြင့်က အခုလိုပြောပြပါတယ်။

"ကျနော်တို့ ကရင်နီတပြည်လုံးမှာ ကျနော်တို့ လူထုတွေပေါ့ ကျနော်တို့ ဒီလူမျိုးတွေအားလုံးက ဒီ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို သိသွားအောင် ကျနော်တို့ ဖြန့်နံ့ဖို့ပေါ့နော် အစီအစဉ်ရှိတယ် အဲလိုသိသွားမှသာ လူထုက သိသွားမှသာ တိုင်းပြည်ကြီးဟာ တကယ့် ဒီမိုကရေစီ စနစ် ကိုဦးတည်နေသလား အစိုးရ .. အုပ်စိုးတဲ့.. အစိုးရဟာ ပြည်သူလူထုအပေါ်မှာ တရားမျှတမှုရှိရဲ့လားဆိုတာ သူတို့ဟာသူတို့ ဝေ တတ်အောင်လေ တကယ်လို့ အဲဒီ ရီရည်ချက်တွေနဲ့ လုပ်တာ သင်တန်းလုပ်တာ"

အခုပို့ချနေတဲ့သင်တန်းမှာ တက်ရောက်နေသူတွေဟာ အများအားဖြင့် စီဘီအိုစ် (CBOs) အဖွဲ့အစည်းများမှ ဖြစ်ပြီး ကရင်နီပြည်တွင်းမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး သင်တန်းများ ပြန်လည်ပို့ချနိုင်ရေးအတွက် သင်တန်းဆရာမွေးထုတ်ပေးတဲ့ (TOT)  သင်တန်းဖြစ်တယ်လို့ လည်းသိရပါတယ်။

"သင်တန်းပြီးရင်ကျနော်တို့က ဒီအထဲမှာ ကျနော်တို့က တကယ်တန်းသင်တန်းပြန်ပြီးတော့ ဆင့်ပွားပေးနိုင်တဲ့ သူတွေကိုကျနော်တို့ ရွေးထုတ်မယ် ပြီးတဲ့ အခုကျတော့ ခုနက ကျနော်တို့ ပြောထားတဲ့ အစီအစဉ်အတိုင်းဘဲ ကျနော်တို့ ဆင့်ပွားသင်တန်းတွေ ဆက်လုပ်မယ် ဆက်လုပ်ဖို့ အစီအစဉ်လဲ ရွေးဆွဲထားပြီး ပြီ"လို့ဆရာ အောင်ဆန်းမြင့်ကပြောပါတယ်။