အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ

အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်စိမ်းမှော် ဒေသ သို့ စစ်အင်အားများကို စစ်ရဟတ်ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်သက်သေများပြော သည်။

ဖါးကန့်သို့ သယ်ပို့ပေးသော မြန်မာစစ်တပ် ရဟတ်ယာဉ် တစင်း။

ပြီးခဲ့သည့်ပတ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အစိုးရ ရဟတ်ယာဉ် ၂ စင်းဖြင့် တစ်ကြိမ်လျှင် လူအင်အား ၂၀ ကျော်နှုန်းဖြင့် ရ ကြိမ်တိုင် အင်အား ၂၀၀ ကျော်နှင့် လက်နက်ကရိယာများပါ ပို့နေကြောင်း မျက်မြင်သက်သေတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တွေ့တာက နောက်ဆုံးပို့တာ တနင်္လာနေ့မှာ ဟုတ်တယ်။ ရဟတ်ယာဉ်က အစိမ်းရောင်၂ စင်းဟုတ် တယ်။ တစ်စင်းက ကြီးတယ်။ တစ်စင်းက နည်းနည်းသေးတယ်။ စစ်ဝတ်စုံ တွေနဲ့ သေနတ်လည်းကိုင်ပြီး ဆင်းလာကြတာ။ သေတ္တာအကြီးတွေလည်းပါတယ်။ အဲဒီသေတ္တာကို လူ ၅ ယောက် လောက်ပေါင်းပြီး မကြ တယ်။ သေနတ်အကြီးလိုလည်းတွေ့တယ်။ ကျနော်တို့လည်း ရဟတ်ယာဉ်နား တဲ့နေရာနဲ့ နည်းနည်းဝေးတဲ့ တောင်ကပဲ တွေ့ရတော့ ကောင်းကောင်းမမြင်ရဘူးလေနော်။ လေယာဉ်က ၁၀ မိနစ် လောက်ပဲနားပြီး ပြန်သွားတာ” ဟု အထက်ပါ မျက်မြင်တစ်ဦးကပြောသည်။

ထိုအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထိနာမှုဖြစ်ပွားပြီး နောက် ယခုလို ရဟတ်ယာဉ်များအသုံးပြုပြီး ဖားကန့်သို့ အင်အားဖြည့်နေခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။

ဖားကန့်ဖက်သို့ ကားများနှင့် စစ်အင်အားတိုးချဲ့ခြင်းကို KIA ဖက်မှ တိုက်ခိုက်ခံနေရခြင်းကြောင့်လည်း ရဟတ်ယာဉ်အသုံးပြုမှု များလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ထိုအစိုးရရဟတ်ယာဉ် ၂ စင်းသည် ဖားကန့်ရှိ အစိုးရစစ်တပ် အနီး ဘော်လုံးကွင်းမှတဆင့် ရပ်နား၍  ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် သြဂုတ်လပိုင်းမှစကာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဖားကန့်မြို့အနီးမှကျေးရွာဒေသခံ များသည် လုံခြံုရာ ဖားကန့်မြို့တွင်းရှိ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာယဉ်ကျေးမှု ကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်း စသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

Most read this week