ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး

ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေး ရွာမှ ရွာသား ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အသက် (၂၇) နှစ်ကို မြန်မာအစိုးရစစ်တပ် မှ ယမန်နေ့ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွား ခဲ့ကြောင်း ဒေသခံများပြောသည်။

မော်ဝမ်း (Maw Wan) ကျေးရွာမှ ဦးကရဲန်နော်ကျန်းနှင့် ညီဖြစ်သူ ကရဲန်မာလတို့ နှစ်ဦးသည် ဖားကန့် ကျောက်စိမ်း တူးဖော်ရာနေရာသို့ ကုမ္မဏီက ကျန်ရှိနေသော ဆန်၊ ဆီ၊ ဆား စားစရာများကို ခွင့်ပြုချက်ဖြင့် သွားယူနေစဉ် လမ်းတွင်အစိုးရတပ်မှပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသူနှစ်ဦးသည် မော်ဝမ်းကျေးရွာမှ ကုမ္မဏီသို့အသွား ရှရော်ခ နှင့် ဗလခ ကြားလမ်း မြေဇာပုံတွင် ဆိုင်ကယ်ဘီးပေါက်၍ ဘီးဖာရန်ပြုလုပ်နေချိန် အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကို ကျည်ဆံထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူတို့ နှစ်ယေက်က ကုမ္မဏီမရောက်ခင် လမ်းမှာ မြေဇာပုံတွေပဲ ဟင်းလင်းပဲလေ။ အဲဒီမှာဆိုင်ကယ် ဘီးပေါက်လို့ ဖာဖို့ပြင်နေတော့ ပစ်တာတောင်မကြားဘူးတဲ့ “ဖုတ်” ဆိုတဲ့အသံပဲကြားတယ်တဲ့။ အဲတော့ ကြည့်လိုက်တော့ အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကိုထိနေပြီတဲ့။ အဲဒီနောက်တော့ သူ့ညီကရဲန်မာလက အစ်ကိုကိုထမ်းပြီး အဲဒီရှရော်ခက မေတ္တာအဖွဲ့တွေကို ခေါ်ပြီး ဖားကန့်ဆေးရုံကို သွားပို့ပြီး ဆေးရုံရောက်တော့ သေသွားပြီလေ။ သူ့ကိုခွဲစိတ်ကြည့်တော့ ညာဘက် အဆုတ်မှာ ကျည်ဆံရှိနေတယ်တဲ့။ ပစ်လိုက်တဲ့အချိန်က မနေ့က ၁၀ နာရီလောက်မှာ သေတာက ၁၂ နာရီလောက်မှာသေသွားတာ” ဟု အထက်ပါဒေသခံ ကပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)နှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ရပ်ဆိုင်းထားသော ရွှေအင်းဝ ကုမ္မဏီတာဝန်ရှိသူများသည် ပြည်သူများအား စားနှပ်ရိက္ခာများ လာယူရန် စက်တင်ဘာ ၄ ရက်နေ့မှစ၍  ခွင့်ပေးလိုက်ခြင်းကြောင်းသိရသည်။

၎င်းအား ပစ်ခတ်လိုက်သော အစိုးရတပ်ဖွဲ့တို့သည် အခင်းဖြစ်ရာ အနီးရှိ ကုမ္မဏီအထဲတွင် ပုန်းနေကာ ချိန်ရွယ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုနေကြသည်။

ဦးကရဲန်နော်ကျန်း၏ မိသားစု ဇနီးသည်နှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ပြီး ၄င်း၏ ဇာပန ဆုတောင်းခြင်းအစီစဉ်ကို စက်တင်ဘာလ ၆ ရက် ယနေ့ ၁ နာရီခွဲတွင်ပြုလုပ်ခဲ့ပြီး မော်ဝမ်းကျေးရွာရှိ ခရစ်ယာန်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။

ယခုချိန် ကျောက်စိမ်းတူးဖော်မှုများရပ်ဆိုင်းထားသော ဖားကန့်ဒေသတွင် အစိုးရတပ်နှင့်ကချင်လွတ်မြောက် ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လာသူ စစ်ပြေးဒုက္ခသည်များပို၍တိုးလာနေ၍ အစားအသောက်ဆေးဝါးများ လိုအပ်နေကြောင်း ဒုက္ခသည်ကြည့်ရှုသူများပြောသည်။

Most read this week