ကချင် လွတ်မြောက်ရေး တပ်မတော်ထံသို့ ရောက်ရှိနေသော အစိုးရတပ်မှ ကလေးစစ်သား အပါအဝင် စစ်သုံ့ပန်း (၄၀) ကျော်၏ နေရပ် ပြန်နိုင်ရေးကို အကူအညီပေးနိုင်ရန် ILO မှ ကမ်းလှမ်းနေပြီး ဖြစ်သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ၏ ပြောခွင့်ရသူ ဦးလနန်းမှပြော ပါသည်။
“ လက်တွေ့ အကောင်အထည် ဖော်ဖို့တော့ ခက်ခဲနေသေးတယ်လေ။ အဲဒီမှာ နှစ်ပိုင်း ရှိတယ်ဗျ၊ တစ်ခု ကတော့ ကလေး စစ်သားတွေ ဖြစ်တဲ့ အတွက် မိဘတွေဆီကို ပြန်ရမှာက တစ်ပိုင်းပေါ့ဗျာ၊ နောက်တစ်ခုက ဒီရဲဘော်လေးတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ရှေ့တန်း တပ်စခန်း တွေကနေ တိုက်ခိုက်လိုစိတ် မရှိတော့လို့ စွန့်ခွာလာတဲ့ သူတွေ ဖြစ်တယ်၊ ဒီတော့ ဒီလူတွေဟာ အစိုးရစစ် ဥပဒေအရ ဆိုရင် ဒါဟာ စစ်ဆင်ရေး အမိန့်ကို ချိုးဖောက်ရာ ကျတယ်၊ ဒီတော့စစ်ဥပဒေအရ သူတို့ကို အရေးယူလို့ ရနိုင်တဲ့ အပိုင်းလည်း ရှိနေတယ်၊ အဲဒီ အပိုင်းကိုလည်း ထည့်သွင်း စဉ်းစားပေးဖို့ တော့လိုပါတယ်” ဟု ဦးလနန်းက ပြောပါသည်။
အကယ်၍ အစိုးရဖက်က ကလေးတွေရဲ့ လုံခြံုမှုကို တာဝန် ယူပေးနိုင်မည် ဆိုပါက သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ILO က ကူညီပေးမည် ဟု ဆိုပါသည်။ ဤကိစ္စအတွက် KIO သည်၂၀၁၂ ဇွန်လ လယ်ခန့်မှ စ၍ ၄င်းစစ်သုံ့ပန်းများကို သီးခြား လွတ်လပ်သော အဖွဲ့အစည်းများမှ တာဝန် ယူပေးရန် လိုအပ်နေပြီးဖြစ်ကြောင်း ပန်ကြားခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/local-news/1868--kia-.html
လက်တွေ့ အကောင်အထည် ဖော်ရန် ခက်ခဲနေခြင်း ဆိုရာ၌ ILO အဖွဲ့အစည်းမှ KIO ထံသို့ လာရောက် တွေ့ဆုံခြင်းကို အစိုးရဘက်မှ ခွင့်မပြု သေးသည့်အ တွက် ဖြစ်သည်ဟု ဦးလနန်းမှ ပြောပါသည်။
“ဒီကိစ္စက ခက်တော့ ခက်တယ်ဗျ၊ ILO အနေနဲ့ ကျွှန်တော်တို့ KIO ကို ကိုယ်တိုင် လာရောက်တွေ့ဆုံ နိုင်သေးခြင်းမရှိဘူး၊ ပြည်တွင်း ကနေ တဆင့် လာရောက် တွေ့ဆုံနိုင်ဖို့ကို အစိုးရကလည်း ကနေ့အချိန်အထိ ခွင့်ပြုတာမျိုး မတွေ့ရ သေးဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဘက်ကအကူ အညီ ပေးချင်တဲ့ ဆန္ဒ ရှိတယ် ဆိုတာကို သိရတော့ ဒါဟာ ဝမ်းသာစရာအချက်ပါ၊ သူတို့ ဘက်ကလည်း ကြိုးစားနေပါတယ်လို့ ပြောတယ်ခင်ဗျ” ဟု ဦးလနန်းမှ ပြောပါသည်။
စစ်သုံ့ ပန်းကိစ္စ ကူညီဆောင်ရွက်ရေး၌ ILO ရုံးသည် KIO အားတရားဝင် ဆက်သွယ်ပြီး အကြောင်းကြားခဲ့ခြင်း မဟုတ်ဘဲ ILO မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးမှ ပုဂ္ဂလိက အနေဖြင့်သာ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါသည်။
အစိုးရ စစ်သုံ့ပန်းများသည်လည်း မိမိတို့ နေရပ်သို့ ပြန်လိုသော်လည်း ၄င်းတို့၏ ဘဝလုံခြံုရေး အာမခံချက် မရှိသေးသဖြင့် မပြန်ရဲကြသေးပေ။ တပ်ဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ကို ၄င်း သုံ့ပန်းများက စိုးရိမ်နေကြပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၃) ရက်နေ့၌ မြန်မာ့ တပ်မတော်ရှိ ကလေးစစ်သား (၄၂) ဦးကို နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးကာ မိဘ အုပ်ထိန်းသူ များထံလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးရှိ အမှတ် (၁) စစ်ကြောရေး စခန်း၌ ပြုလုပ်ခဲ့ပါသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များကမူ မြန်မာနိုင်ငံ၌ ၂၀၀၅-၀၆ ခန့်မှန်းခြေ စာရင်းများ အရ ကလေး စစ်သား (၇) သောင်း ဝန်းကျင်ခန့် အထိ ရှိနေသည်ဟု ဆိုပါသည်။ သို့သော် အစိုးရကမူ မြန်မာ့တပ်မတော် ထဲ၌ ကလေးစစ်သား ကုန်သလောက်နီးပါး ဖြစ်ပြီးဟုသာ ပြောကြား ခဲ့ပြီး အရေအတွက် ကိုမူ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။
မြန်မာ အစိုးရသည် ၂၀၁၅ခုနှစ်တွင် ကလေးစစ်သား လုံးဝ ပပျောက်သွားရန် ILO နှင့် လက်မှတ် ရေးထိုး ထားပါသည်။ ဤသို့ကြောင့် တပ်တွင်းမှ ကလေး စစ်သားများ မိဘထံ ပြန်အပ်ရေး အစီစဉ်ကို ဆောင်ရွက် နေကြပါသည်။