ဖားကန့်ဖက်တွင် ဒုက္ခသည် ၁ သိန်းရှိသွားပြီ

ဖားကန့်ဖက်တွင် ဒုက္ခသည် ၁ သိန်းရှိသွားပြီ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် စစ်ပြေးဒုက္ခသည် လူဦးရေ ၁ သိန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဖါးကန့် ကချင်နှစ်ခြင်းအသင်းတော်တွင် ခိုလှုံနေသော စစ်ပြေးတဦး။ ဓါတ်ပုံ - ကချင်သတင်းဌာန
ပြီးခဲ့သည့်ပတ် ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲချိန်မှ ပိုများပြားလာခြင်းဖြစ်ပြီး ဒုက္ခသည်များသည် ဖားကန့်မြို့ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေး မှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း စသည့်နေရာများနှင့် ကက်သလိတ် RC ဘုရားကျောင်း၊ခရစ်ယာန်နှစ်ခြင်း ကျောင်းများ တွင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

ယခုလိုစစ်ပြေး ဒုက္ခသည်အများစုသည် ကချင်အမျိုးသားများဖြစ်ပြီး ယခုချိန် အစားအသောက်နှင့် ကျမ်းမာရေးထိခိုက်မှု များစွာရှိနေကြောင်း ကူညီသူ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရမှ သီးသန့် ဒုက္ခသည်များအား အစားသောက်များ ကူညီခြင်းမရှိသော်လည်း ဖျားနာနေသူများကို ဖားကန့်ပြည်သူ့ဆေးရုံ မှ တစ်ပတ်တွင် ၂ ကြိမ်လာရောက်ကုသကူညီပေးကြောင်းသိရသည်။

“ပြန်ဖို့လည်း လမ်းခရီးက အခက်အခဲများဖြစ်နေတယ်။ သတင်းကလည်း အမျိုးမျိုးကြားနေတော့ ဒုက္ခသည် စခန်းမှာဘဲ တိမ်းရှောင်ခိုလှုံနေတာ အကောင်းဆုံးဖြစ်မယ်ဆိုပြီး နေနေကြတယ်။”

ဒုက္ခသည်များကို ယခုချိန်တွင် အသင်းတော်များ၊ မြို့အတွင်းရှိ ကျောက်ကုန်သည် သူဌေးများ၊ ညီအစ်ကို တိုင်းရင်းသားများ မြန်မာ၊ ရှမ်း၊ တရုတ် စိတ်ဝင်စားသူများမှ လာရောက်ကူညီလျက်ရှိကြောင်းသိရသည်။

ဖားကန့်ရှိ ကျောက်လောပန်းအချို့သည် ၄င်းတို့၏ ကျောက်လုပ်ကွက်မှ ကျင်းသားများကို ကားများငှားပေးပြီး နေရပ်ပြန်နိုင်ရန်စီစဉ်ပေးနေပြီး ခက်ခဲကြုံနေသော သူများသည် ၎င်းဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။

ကျောက်စိမ်းတူးသမားအချို့သည် ယခုချိန် စစ်မဖြစ်သောနေရာ မှော်စီဇာမှော်နှင့် လုံးခင်း (Lawng Hkang) ကျေးရွာ များတွင် တနိုင်တပိုင် ကျောက်များတူးလျက်ရှိကြပြီး ဖားကန့် (Hpakan) နှင့် ဆိုင်းတောင် (Seng Tawng) များတွင် ကျောက်တူးသမားများ မရှိတော့ကြောင်း သိရသည်။

သြဂုတ်လလယ်ပိုင်းမှ ထိုးစစ်စတင်လာသော ဖားကန့် ဖက်တွင် အထိနာမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရ တပ်သည် ပြီးခဲ့သည့်ပတ်မှ လေယာဉ်ဖြင့်  တစ်ကြိမ်တွင် လူ ၂၅ နှင့် ၃၀ ယောက်နှင့် စစ်အင်အားအပြင် လက်နက်များပါ သယ်ယူပို့ဆောင်နေကြောင်း မျက်မြင်ဒေသခံ ပြောသည်။

“သြဂုတ် ၃၁ ရက်နေ့က ၅ ကြိမ် နောက်တစ်နေ့က ၂ ကြိမ် အားလုံး ရ ကြိမ် နောက်ဆုံး လာပို့တာက.. ပြီးခဲ့သည့်ပတ် စနေ့က လာပို့ကြတယ်။”

ယခုချိန်တွင် တိုက်ပွဲသည် အနည်းငယ်ငြိမ်နေသော်လည်း နှစ်ဖက်တပ်မှ စစ်ရေးလှုပ်ရှားမှုရှိနေပြီး အင်အားများနှင့် ဖားကန့်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အား အင်တိုက်အားတိုက် ထိုးစစ်ဆင် တိုက်ခိုက်ဖွယ်ရှိကြောင်း ဒေသခံများစိုးရိမ်နေကြသည်။

နှစ်ဖက်တိုက်ပွဲများ စတင်တင်းမာလာသည့်အချိန်မှစ၍ ဖားကန့်ဒေသရှိ ကျောက်စိမ်းအလုပ်သမားများ ဒေသခံများကို မြန်မာအစိုးရတပ်သည် ညအချိန် ပေါ်တာ (porter)ဆွဲပြီး တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဝတ်စုံများပြင်ဆင်ပေးကာ ရှေ့တန်းသို့စေလွှတ်နေကြောင်းသိရသည်။

တိုက်ပွဲများပိုမိုတင်းမာလာဖွယ် ပြင်ဆင်လှုပ်ရှားနေကြသော နှစ်ဖက်တပ်များကိုသုံးသပ်ခြင်းအားဖြင့် ဖားကန့်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး ပြည်သူလူထုများသည် အချင်းချင်းအသိပေးလျက် ရှိနေကြောင်း ဒေသတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

Most read this week