အမျိုးဂုဏ်ဇာတိဂုဏ်ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်သည်ဟု သျှမ်းနီပါတီရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌပြော

အမျိုးဂုဏ်ဇာတိဂုဏ်ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်သည်ဟု သျှမ်းနီပါတီရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌပြော
by -
သျှမ်းသံတော်ဆင့်

ကနေ့မနက်ပိုင်းက မန္တလေးမြို့မှာ သျှမ်းနီပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီဖွင့်ပွဲမှာ သျှမ်းနီလူငယ်တွေတက်ကြွပါဝင်တယ်လို့ ကြားရပါတယ်။ အဲဒါအပြင်  သျှမ်းပါတီ ၂ ခုကလည်း သဝဏ်လွှာတွေ ပေးပို့ဖတ်ကြားတယ်လို့ဆိုပါတယ်။ အကြောင်းစုံသိရအောင် သျှမ်းနီပါတီရဲ့ဥက္ကဌ စိုင်းဌေးအောင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

TNDPမေး။    ။ ဒီကနေ့ မန္တလေးမှာ သျှမ်းနီပါတီရုံးဖွင့်ပွဲလုပ်တယ်လို့ကြားရတယ်။ ဘာတွေထူးထူးခြားခြား လုပ်သေးလဲ ပြောပြပေးပါဦးခင်ဗျ။

ဖြေ။    ။ဟုတ်ပါတယ်။ ဒီနေ့ သျှမ်းနီပါတီရုံးဖွင့်ပွဲလုပ်တယ်။ မနက် ၆ နာရီမှာ သံဃာ ၅ ပါးကိုပင့် ဖိတ်ပြီး အာရုဏ်ဆွမ်းကပ်တယ်။ တရားနာတယ်။ မနက် ၉ နာရီမှာ ဖွင့်ပွဲအခမ်းအနားစတင် တယ်။ အဲဒီမှာ ကျနော်က အဖွင့်အမှာစကားပြောတယ်။ SNLD  ကပေးပို့တဲ့သဝဏ်လွှာကို ကျနော်တို့ ပါတီ အလုပ်အမှုဆောင် ဦးသန်းထွဋ်က ဖတ်ကြားတယ်။ နောက်ပြီး SNDP က ပေးပို့တဲ့သဝဏ်လွှာကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ဖတ်ကြားပေးတယ်။ နောက်ပြီး ဝံသာနု ဒီမိုကရက်တစ်ပါတီက ကြိုဆိုတဲ့စကားပြောပေးတယ်။ တစည ကလဲဝမ်းမြောက်ကြောင်း စကားပြောတယ်။ ကျနော်တို့ မန္တလေး အခြေစိုက်တဲ့ပါတီအကုန်လုံးကိုဖိတ်ပါတယ်။ ဓနုပါတီလဲလာတက်တယ်။

မေး။    ။ ဆရာ့မိန့်ခွန်းတွေထဲမှာ အဓိက ဘာပြောသွားလဲ ပြန်ပြောပြပေးလို့ရမလားခင်ဗျ။

ဖြေ။    ။အဓိကကတော့ ငြိမ်းချမ်းရေးပေါ့နော်။ ကျနော်တို့နယ်မြေက ငြိမ်းချမ်းရေးမရှိသေးတော့ ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိဘူး။ နောက်တခုက ကျနော်တို့လူမျိုးတွေ စာရင်းပျောက်နေတာများတယ်။ ၂၀၁၄ ကျရင် သန်းခေါင်စာရင်းကောက်ရင် နိုင်ငံသားစီစစ်ရေးကဒ်ပြားရဖို့ တိုက်တွန်းတယ်။

မေး။    ။ မန္တလေးမှာ ဆရာတို့ဘယ်နားတွေမှာ ဖွင့်ထားလည်း ခင်ဗျ။

ဖြေ။    ။၆၆ လမ်း ၃၉ လမ်းဒေါင့်။ ၂၀၁၅ အတွက်တော့ ကော်မတီတွေဖွဲ့မယ် ။ တခုပြီးတခု တဆင့်ပြီး တဆင့်လုပ်သွားမယ်။

မေး။    ။ သီးသန့်ပါတီထောင်ရခြင်းရဲ့ရည်ရွယ်ချက်။

ဖြေ။    ။လူမျိုးပျောက်နေတယ်။ လူမျိုးပျောက်နေရင် အမျိုးဂုဏ် ဇာတိဂုဏ်လက္ခဏာလဲပျောက်တယ်။ အဲဒီအတွက် ယဉ်ကျေးမှုလဲပျောက်တယ်။ တိမ်ကောလာတာပေါ့ဗျာ။ အဲတာလေးကိုပြန်ဖော်ချင်လို့ ဆိုတဲ့ရည်ရွယ်ချက်ပါဗျာ။

မေး။    ။ အခုသီးခြားပါတီပြန်ဖွဲ့တဲ့အပေါ်မှာကော် ကျေနပ်အားရမှုရှိပါသလား။ တိုင်းလျဲန်လူငယ်တွေ တက်ကြွပါဝင်လာပါသလား။

ဖြေ။    ။ရုံးမဖွင့်ခင်တုန်းက ကျေနပ်အားရမှုသိပ်မရှိဘူး။ ရုံးဖွင့်ပွဲမှာ မန္တလေးမှာနေထိုင်ကြတဲ့တိုင်းလျဲန် တွေတော်တော်များများလာတက်ကြတော့ ကျနော်တို့တော်တော်လေးကို ကျေနပ်အားရမှုရှိပါတယ်။ ကျနော်တို့ပါတီဝင်တွေအားလုံးနီးပါးဟာခေတ်ပညာတတ်လူငယ်တွေပါဘဲ။

မေး။    ။ သျှမ်းပါတီ ၃ ခုဖြစ်ပေါ်နေမှုအပေါ်  လူထုကနေ ပေါင်းစည်းရေးကိုလိုလားနေကြပါတယ်။ ဆရာ့အနေနဲ့ ဘယ်လို ပြန်လည်ဖြေကြားပေးလိုပါသလဲခင်ဗျ။

ဖြေ။    ။ကျနော်တို့ ၃ ပါတီပေါင်း နိုင်ငံရေးရည်မှန်းချက်တွေကိုလူထုကိုချပြရမယ်။ ကျနော်တို့ အတိတ် က သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ တနိုင်ငံတည်းနဲ့ဖြစ်လာတာမဟုတ်ဘူးလေ။ ၆ နိုင်ငံပေါင်းပြီးမှ ညီညီညွတ်ညွတ်နဲ့ ပေါင်းပြီးတည်ဆောက်ထားတဲ့နိုင်ငံဖြစ်တယ်။  ကျနော်တို့ သျှမ်းပြည်နယ် ဆိုရင်အင်အားအကြီးဆုံးပြည်နယ်ဖြစ်တယ်လေ။ သို့ပေမယ့် ကျနော်တို့အိမ်တွင်းရေး ကျနော်တို့လုပ် သူတို့လဲသူတို့အိမ်တွင်းရေးသူတို့လုပ်ကြပြီးတော့မှ ကျနော်တို့ခေါင်းဆောင်ပိုင်းကဘဲညီညွတ်ကြဖို့ လိုတယ်လေ။

မေး။    ။ ရုံးဖွင့်ပွဲကနေ သျှမ်းလူထုကို ဘယ်လိုမှာကြားချင်ပါသလဲ။

ဖြေ။    ။သျှမ်းစာဆိုတာ တမျိုးတည်းရှိတယ်လေနော်။ ဒါအရေးကြီးဆုံးဘဲ။ သျှမ်းစတေးတပ်စ် ရှိရ မယ်လေ။ သျှမ်းလူမျိုးဆိုတာ မြင့်မြတ်တဲ့လူမျိုးတွေလေ။ ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်မငယ်ဖို့ အတွက်စွမ်းဆောင်ကြ ဖို့ပါ။အဲတာလေးမှာချင်ပါတယ်။ သျှမ်းလူမျိုးအားလုံးအတွက်ပါ။

သျှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ  ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။  ပါတီ၏ ဥက္ကဌကတော့ စိုင်းဌေးအောင်ဖြစ်ပါတယ်။

Most read this week