အောင်မြေသစ် ကျေးရွာဒေသခံ ကချင် အမျိုးသမီးတစ်ဦး အဓ္ဓမပြုကျင့် အသတ်ခံရ

အောင်မြေသစ် ကျေးရွာဒေသခံ ကချင် အမျိုးသမီးတစ်ဦး အဓ္ဓမပြုကျင့် အသတ်ခံရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လိုင်ဇာသွားလမ်းပေါ်ရှိ အောင်မြေသစ်ကျေးရွာမှ အမျိုးသမီးတစ်ဦးသည် မည်သူပြုလုပ်ထားခြင်းမသိရပဲ  အဓ္ဓမပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများပြောသည်။

ကချင် လီဆူးအမျိုးနွယ် အမျိုးသမီးနှစ်ဦး
အောင်မြေသစ်ကျေးရွာနေ အသက် (၃၀) အရွယ် ကချင်(လီဆူး) အမျိုးသမီးအား သြဂုတ်လ ၃၁ ရက်နေ့တွင် ထိုကျေးရွာမှ ၂ ဖာလုံခန့်အကွာတွင်ရှိသော ကားလမ်းပေါ်ရှိ လယ်ကွင်းတွင် အဝတ်ဗလာဖြင့် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ရွာသားတစ်ဦးကပြောသည်။

“သူ့အလောင်းကိုတော့ ကားလမ်းဘေးနားက လယ်ကွင်းမှာ သြဂုတ်လ ၃၁ ရက်မနက်မှာတွေ့တာ။ သူ့ရဲ့ အထဲခံဘောင်းဘီ အင်္ကျီ ဘော်လီ ဖိနပ်တွေ ကိုတော့ တံတားအောက်မှာ ချွတ်ထားပေးတယ်။ အဲဒါနဲ့ နည်းနည်းဝေးတဲ့ လယ်ကွင်းက ရေမြောင်းတူးထားတဲ့နေရာမှာ အလောင်းကို အဝတ်မပါ ကိုယ်ဗလာနဲ့ မောက်ပြီး ထိုးထည့်ထားတယ်။ ဒါပေမဲ့ ဆွေမျိုးတွေပြောတော့  ရဲတွေလာပြီး အလောင်းကို လှန်ကြည့်တော့ သူ့ရဲ့မျက်ခုံးမှာလည်း နားအောက်မှာလည်း ဓါးနဲ့ထိုးထားပေး တဲ့အရာရှိတယ်တဲ့။ နောက်စိမှာလည်း ဒဏ်ရာရှိတယ်တဲ့။”

ထိုအမျိုးသမီးရုပ်အလာင်းအား ၀ိုင်းမော်မြို့မှရဲများရောက်ရှိလာကာ  ၀ိုင်းမော်ပြည်သူ့ဆေးရုံသို့သယ်ဆောင် ခွဲစိတ်စစ်ဆေးခဲ့ပြီးနောက် ညနေပိုင်းတွင် အိမ်သို့ပြန်သယ်လာကာ အလောင်းကိုညတွင်းချင်း အောင်မြေသစ် လီဆူးသချိုင်းတွင် သဂြိုလ်လိုက်ကြောင်း သိရသည်။

ခွဲစိတ်စစ်ဆေးရာချက်အရ ထိုအမျိုးသမီးသည် သြဂုတ်လ ၃၀ ရက်ည ၁၂ နာရီခန့်တွင် သေဆုံးခြင်းဖြစ်သည် ဟု ဆရာဝန်များက မှတ်ချက်ချနိုင်ကြောင်း ပြောဆိုသည်။

အမျိုးသမီးအား မဖွယ်မရာပြုကျင့်သတ်ဖြတ်ထားခဲ့သော တရားခံများကို  သက်ဆိုင်ရာများမှ စုံစမ်းစစ်ဆေး နေဆဲဖြစ်သော်လည်း အာဏာပိုင်များသည် ထိုအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ အဓမ္မပြုကျင့်ခြင်းကြောင့် သေဆုံးခြင်းမဖြစ်နိုင်ကြောင်း မိသားစုဝင်များအား ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုခြင်းနှင့်ပတ်သက်၍ ဒေသခံများသည် ညမထွက်ရအမိန့်ထုတ်ထားသောအချိန် ညသန်းခေါင်တွင် အစိုးရတပ်စခန်းနှင့် နီးသောနေရာဖြစ်သောကြောင့် လုံခြုံရေးယူနေသော စစ်သားများကို သင်္ကာမကင်းဖြစ် နေကြသည်။

“အဲဒီမိန်းကလေးက စိတ်နည်းနည်းမန့ံဘူးဟုတ်တယ်။ ဒါပေမဲ့ ကြည့်လိုက်တော့ အကောင်းပဲ သူ့အကြောင်း သိတဲ့သူမှ သူစိတ်မနံ့ဘူးဆိုတာသိတာ။ ဓါးပြတိုက်လောက်အောင်လည်း သူ့ဆီမှာ ရွှေတွေလည်း မပါဆိုတော့။ မဒိမ်းမှုမဟုတ်ရင် အင်္ကျီတွေဘာဖြစ်လို့ချွတ်ပေးတာလဲနော်။ ဆေးရုံက မှတ်ချက်ပေးတာက ည ၁၂ နာရီ လောက်မှာသေတယ်ဆိုပြီး မှတ်ချက်ချတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အခုချိန်က နိုင်ငံရေး ရှုပ်နေတဲ့အချိန် အဲဒီအချိန်ဆိုရင် ရွာကလူတွေက ညမထွက်ရဘူး မာရှယ်လောရှိ တယ်လေ။ ထွက်တာက သူတို့ပဲ ဆိုင်ကယ်တွေ ကားတွေနဲ့ ကင်းလှည့် သွားနေတယ်။ ပြီးတော့ အခင်းဖြစ်တဲ့နေရာနဲ့ သူတို့အစိုးရစစ်သား တွေနေတဲ့ စခန်းနဲ့လည်း နီးတယ်လေ။ ဘယ်သူဆိုတာတော့ မပြောတတ်ဘူးပေါ့။ လူတွေကလည်း ပြောလို့တော့မရ တွေ့တာလည်း မဟုတ်ဘူးဆိုတော့ အားလုံးလည်း အဲလိုပဲ ထင်ကြတာလေ” ဟု ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ထိုအမျိုးသမီးသည် သြဂုတ်လ ၃၀ ရက်နေ့တွင် အနီးနားအိမ်များတွင် အလည်လာသွားခဲ့ပြီး ထိုညအိမ်သို့ ရောက်မလာပဲ နောက်မနက်မှ သေနေသောအလောင်းကို ရွာကစျေးသည်များက ကားလမ်းနှံဘေးရှိ လယ်ကွင်းရေမြောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) များ လှုပ်ရှားနယ်မြေ ၀ိုင်းမော်ဒေသတွင် စစ်ရေးတင်း မာနေဆဲဖြစ်ပြီး ညမထွက်ရအမိန့်ထုတ်ထားခြင်းကြောင့် ညနေမိုးချုပ်ချိန်မှစ၍ ဒေသခံများသည် သွားလာမှုများမရှိတော့ကြောင်း စုံစမ်းသိရှိရသည်။

Most read this week