MPU ကတ်များ စသုံးတော့မည်၊ Network ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်မည်

MPU ကတ်များ စသုံးတော့မည်၊ Network ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်မည်
by -
မဇ္စျိမ

Myanmar Payment Union (MPU) ကတ်များကို စက်တင်္ဘာလ ၁၅ ရက်နေ့တွင် စတင် သုံးစွဲမည်ဖြစ်ပြီး ဘဏ်အချင်းချင်း ချိတ်ဆက်ထားသည့် Network (ကွန်ယက်)ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်ဆက်မည်ဟု MPU စနစ်ကို အသုံးပြုမည့် ဘဏ်များက ဆိုသည်။

MPU စနစ်မှာ ATM စက်များတွင် ငွေထုတ်ရန်နှင့် စျေးဝယ် စင်တာများတွင် အသုံးပြုနိုင်ရန် ဖြစ်သည်။ အသုံးပြုရာတွင် ဘဏ်အချင်းချင်း ချိတ်ဆက်မည့် စနစ် Network ပိုမိုကောင်းမွန်စေရန်အတွက်ဖိုင်ဘာလိုင်း ဖြင့် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ International Banking Division မှ အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ် က ပြောသည်။

“MPU စသုံးမယ်ဆိုရင် MPU Data Center Network (အချက်အလက်ဌာန ကွန်ယက်)ကို ဖိုင်ဘာလိုင်းနဲ့ ချိတ်ဆက်မှာပါ။ ဘဏ်တွေကသွားတဲ့ MPU တွေမှာတော့ ဖိုင်ဘာလိုင်းကို မချိတ်သေးပါဘူး။ National Switch နဲ့ ချိတ်တဲ့ လိုင်းတွေကိုတာ့ ဖိုင်ဘာနဲ့ ချိတ်မှာပါ” ဟု ဆိုသည်။

ဘဏ်များကလည်း Network ချိတ်ဆက်ရန်အတွက် Connection (ချိတ်ဆက်မှု) အဆင်ပြေဆုံး လိုင်းနှင့်သာ ချိတ်ဆက်လိုပြီး ဖိုင်ဘာလိုင်းများကို အားလုံးထောက်ပံ့ပေးနိုင်မည်ဆိုပါက ဘဏ်များ၏ စက်များတွင်လည်း ဖိုင်ဘာကွန်ယက်ကို ချိတ်ဆက်သွားလိုကြောင်းပြောဆိုသည်။

MPU စနစ် အသုံးပြုရန် ဘဏ် ၁၆ ခု ရှိသော်လည်း စက်တင်္ဘာ ၁၅ ရက်နေ့တွင် အဆင့်သင့် ဖြစ်ပြီးဖြစ်သော ဘဏ် ရှစ်ခုသာ စတင်သုံးနိုင်မည်ဖြစ်သည်ဟု သိရသည်။ လက်ရှိ MPU စနစ်တွင် ပါဝင်သော ဘဏ်များက စျေးဝယ်စင်တာများ၊ စားသောက် ဆိုင်များ၊ ဖက်ရှင်ဆိုင်များ စသည်တို့တွင် စက်ထားနိုင်ရန်အတွက် ဆိုင်များနှင့် ညှိနှိုင်းနေကြောင်း သိရသည်။

“ဘယ်နေရာတွေမှာ ထားဖြစ်မလဲ သိပ်တော့ မသေချာသေးဘူး။ ဆိုင်တွေကလည်း လက်ခံမှ ထားလို့ရမှာ။ ပြီးတော့ ဆိုင်တွေအနေနဲ့လည်း ဒီစက်ကို သုံးရင် ၁ ရာခိုင်နှုန်း ပြန်ပေးရမှာ ဆိုတော့ ဆိုင်တွေအနေနဲ့ များတယ်ထင်ပြီး သဘောမတူချင်ဘူး ဆိုတာမျိုးတွေလည်း ရှိပါတယ်။ ဒါတွေကို ညှိနှို်င်းနေပါတယ်” ဟု CB Bank မှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

MPU ကတ် အသုံးပြုနိုင်ရန် အတွက် စျေးဝယ်စင်တာများတွင် POS စက်များ ထားရှိပါက ဆိုင်များမှ MPU သို့ ရောင်းရငွေ၏ ၁ ရာခိုင်နှုန်း ပြန်ပေးရမည်ဖြစ်ပြီး အားလုံး အဆင်ပြေသည့် နှုန်းထား ဖြစ်အောင် ပြန်ညှိနှို်င်း သွားရန်ရှိကြောင်း ဦးဇော်လင်းထွဋ် က ပြောသည်။

လက်ရှိ ATM ကတ် ကိုင်ဆောင်ထားသူများ အနေဖြင့် MPU ကတ် ထွက်လာပါက ယင်းကတ်ကို သုံးနိုင်ရန် ပြန်လည် လဲလှယ်ရမည်ဖြစ်သည်။ လဲလှယ်ပေးခြင်းမှာ အခမဲ့ လဲလှယ်ပေးသော ဘဏ်များရှိသကဲ့သို့ အခငွေကြေး တစုံတရာယူ၍ လဲလှယ်ပေးခြင်းလည်း ရှိမည်ဟု သိရသည်။

Network ကျခြင်းကြောင့် ATM အသုံးပြုသည်များ အနေဖြင့် လက်ရှိတွင် စက်အသုံးပြုမရ ဖြစ်ပေါ်ခြင်းများ ရှိနေပြီး နယ်မြို့များတွင် စက်ကို တနေကုန် သုံးမရဘဲ ဖြစ်နေတတ်သည်။

“ကျနော်တို့ အခု သုံးထားတာက ip star လိုင်းကို သုံးထားတာပါ။ ဒါကြောင့် မိုးတွင်းမှာ ပိုပြီးတော့လိုင်းမ ကောင်းတာဖြစ်တတ်ပါတယ်။ မိုးအုံ့တော့ iP star လိုင်းကိုက မကောင်းတာ။ MPU လာရင်လည်း လိုင်းကောင်းတာ၊ မကောင်းတာ နဲ့ ပတ်သက်ပြီး ပြဿနာအချို့တော့ ရှိနိုင်ပါတယ်။ ဘဏ်တွေကလည်း လိုင်းအကောင်းဆုံး support လုပ်နိုင်မယ့် လိုင်းကိုပဲ တပ်ချင်ပါတယ်။ ဆက်သွယ်ရေးကလည်း အကောင်းဆုံး ဖြစ်အောင်တော့ လုုပ်ပေးနေပါတယ်။ stable ဖြစ်အောင် ပံ့ပိုးပေးနိုင်တဲ့ လိုင်းဆိုရင် အကောင်းဆုံးပါပဲ” ဟု ကမ္ဘောဇဘဏ်မှ ဦးဇော်လင်းထွဋ် က ပြောဆိုသည်။

Most read this week