ပန်ဝါအထက် မှတ်တိုင် (၆) ကချင် ဒုက္ခသည်စခန်းတွင် အစားအသောက် ခက်ခဲနေ

ပန်ဝါအထက် မှတ်တိုင် (၆) ကချင် ဒုက္ခသည်စခန်းတွင် အစားအသောက် ခက်ခဲနေ
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါအထက် အောက် တရုတ်ဖက်ခြမ်းရှိ မှတ်တိုင် (၆) ဒုက္ခသည် စခန်းတွင် အစားအသောက်အခက်ခဲကြုံတွေ့နေကြောင်း ဒုက္ခသည် စခန်းတွင်ကွင်းဆင်း လေ့လာခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ကပြောသည်။

kbc_myitkyina
၎င်းဒုက္ခသည်စခန်းတွင် သွားရောက်ကူညီသူများအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရာသီဥတု အေးသောနယ်မြေဖြစ်သောကြောင့် ဒုက္ခသည်များမှာ အအေးဒဏ်များခံနေရကာ အစားအသောက်များ ခက်ခဲရင်ဆိုင်နေရကြောင်း KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ခလမ်ဆမ််ဆွန် (Rev. Hkalam Samson) ကပြောသည်။

“အဲဒီနေရာက အေးတယ် အခုချိန်ဆို ၆ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ ပြီးတော့ မိုးလည်းအရမ်းရွာပြီး အစားအစာ သွားဝယ်ဖို့လည်းခက်တယ်။ တရုတ်ဘက်ကိုသွားဝယ်မယ်ဆိုရင်လည်း သွားဖို့ခွင့်မရဖြစ်ပြီး အခုခက်ခဲဆုံးက အဲဒီနေရာဖြစ်တယ်။ အဲဒီဘက်မှာ အခုချိန် သွားဖို့လည်း အရမ်းခက်တယ်။ ကျနော်တို့တောင် မနည်းစစ်ဆင် ရေးလိုပဲရောက်တာ ညသန်းခေါင်မှ တရုတ်ဂိတ်ကို ဖြတ်ပြီးသွားရတယ်” အတွင်းရေးမှူး ဆရာ ခလမ်ဆမ်ဆွန် ကပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် မြစ်ကြီးနားမှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်စခန်များတွင် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ KBC အတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ခလမ်ဆမ်ဆွန် ဦးဆောင်ကာ ဒု-အတွင်းရေးမှူး သိက္ခတော်ရ ဆရာတူးရှန်၊ KBC နယ်လှည့် သိက္ခာတော်ရ ဆရာ ခါးထုန်၊ ဆမားဇုန်နယ်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာနော်ဘောက် တို့ အပါအဝင် ဦးစီး၍ သွားရောက်လေ့လာ ကူညီခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မှတ်တိုင် (၆) ဒုက္ခသည်စခန်းနှစ်ခုရှိရာ ယခုရောက်ရှိသော မှတ်တိုင် (၆) ဒုက္ခသည်စခန်းသည် မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲကြောင့် ချီဖွေမြို့နယ်ရှိ ဖရဲကျေးရွာမှ ထွက်ပြေး ရောက်ရှိလာသော ပန်ဝါ တရုတ်နယ်စပ်ဖက်ခြမ်းရှိ ဒုက္ခသည်စခန်းဖြစ်သည်။

KBC တာဝန်ရှိသူများမှ စခန်းနေဒုက္ခသည် ကျား/မအတွက် ပိတ်စများ၊ မိုးကာများ၊ ကျောင်းသူကျောင်းသား များ အတွက် ရေးစာအုပ်များ၊ အစားအသောက်များနှင့် လိုအပ်ရာတွင်သုံးနိုင်ရန် တရုတ်ငွေ ယွန် ၄ သောင်းကို စခန်းကူညီရေးကော်မတီများထံသို့ လှူဒါန်းခဲ့ကြောင်း ဆရာခလမ်ဆမ်ဆွန်က ပြောသည်။

ထိုမှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် လူဦးရေ ရ၇၀ ကျော်ရှိပြီး စာသင်ကျောင်းကို တတိယတန်းထိဖွင့်ထားကာ ကျောင်းသူကျောင်းသားများ ၃၅၀ ယောက်ရှိကြောင်း သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူ သိက္ခာတော်ရ ၄ ဦးတို့မှ ဂျေယန့်ဒုက္ခသည်စခန်းနှင့် မန်ဝိန်းဘက်ရှိဒုက္ခသည်စခန်းတွင် ဆက်လက်သွားရောက်ကြည့်ရှုကာ တခြားစခန်းများဖြစ်သည့် မုန်ဂါဇွပ် ဒုက္ခသည်စခန်း၊ မဂါးယန်ဒုက္ခသည်စခန်း၊ မှတ်တိုင် ၈ ဒုက္ခသည်စခန်း တရုတ်ပြည်နောင်တောင်းမှ ရွှေ့ပြောင်းလာရသော လနာ့ဇွပ်ဒုက္ခသည်စခန်းများတွင်လည်း စက်တင်ဘာလ ၆ ရက်ထိ ဆက်လက်ကြည့်ရှု ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

Most read this week