အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော

အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော
by -
မဇ္စျိမ

အစိုးရဘက်မှ တပ်များ ဆုတ်ခွာပေးပါက မည်သည့်နေရာတွင်မဆို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူး ဂျီးနောင် က ပြောသည်။ 

ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် နေပြည်တော်တွင် နှစ်ဘက် တွေ့ဆုံလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီမှ သြဂုတ်လ ၂၅ ရက်နေ့က KIO ထံ ကမ်းလှမ်းခဲ့သည့်အပေါ် ၎င်းက တုန့်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။ 

“မဆွေးနွေးရသေးဘူး။ နေပြည်တော်နဲ့ မူဆယ်မှာ တွေ့ရအောင်ပြောတာ ကြာပြီ အဖြေ မပေးသေးဘူး။ ကျနော်တို့ ပြောထားတာက လုံခြံုတဲ့နေရာ ဘယ်နေရာဖြစ်ဖြစ် တွေ့လို့ ရတယ်။ တကယ်လို့ သူတို့ဘက်က တပ်တွေ ဆုတ်လိုက်မယ်ဆိုရင် ဗန်းမော်မှာ ဖြစ်ဖြစ် ရတယ်” ဟု ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ထိုကမ်းလှမ်းမှုနှင့်ပတ်သက်၍ “အစိုးရဘက်က ရှင်းရှင်းလင်းလင်း မပြောဘူး။ အလွတ်သဘော တွေ့ဖို့ပဲ ပြောတယ်။ ကျနော်တို့က အလွတ်သဘော မဟုတ်ဘဲ၊ တရားဝင် တွေ့ဆုံ ဆွေးနွေးချင်တာ”ဟု သူက မဇ္စျိမကို ပြောသည်။ 

KIO ဘက်မှ တု့ံပြန်မှုအား စောင့်နေသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ပို့လိုက်သော စာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြောင်းလဲခြင်း မရှိဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၍ မူဆယ် သို့မဟုတ် နေပြည်တော်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

KIO ဘက်ကမူ တရုတ်နယ်စပ် ပရဝမ်ဒေသတွင် တွေ့ဆုံရန်သာ ပြောဆိုနေခြင်း ဖြစ်သည်။ 

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ယခု နေပြည်တော်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံမည့် အစီအစဉ် သည် KIO ဘက်မှ အနည်းငယ် အခက်အခဲ ရှိနိုင်မည်ဟု ယူဆကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာက ပြောသည်။ 

“KIO ဘက်ကလည်း ပြန်တွေ့ဖို့ ပြောထားတယ်။ ဒါပေမယ့် ရှေ့တန်းမှာ စစ်ဆင်ရေး များလာလို့ အရင်တခေါက်
ပြောတဲ့ မူဆယ်နဲ့ ဗန်းမော်မှာ မသွားနိုင်းဘူး ပြောထားတာ။ ခုလည်း ဖားကန့်ဘက်မှာလည်း တိုက်နေတုန်းပဲ။ ခုလည်း မတွေ့ဘူးလို့ ပြောတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။  

သောကြာနေ့တွင်လည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း KIO တပ်အရာရှိ တဦးက ပြောသည်။ 

ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက် နောက်ဆုံး ဆွေးနွေးမှုတွင် အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုတ်သိမ်းပေးရန် KIO ဘက်မှ တင်ပြချက်အချို့ကို အစိုးရဘက်မှ သဘောတူခဲ့ပြီး တချို့ကို မြေပုံနှင့်တကွ စစ်ဘက်ဆိုင်ရာ အရာရှိများ ထပ်မံဆွေးနွေးရန် သဘောတူခဲ့ရာမှ ယခုထိ ပြန်လည်မတွေ့ဆုံနိုင်သေးခြင်း ဖြစ်သည်။