ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ

ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်  ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က  ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများနှင့် သက်သေခံ အထောက်အထားများ (ဓါတ်ပုံ- Star)

ဘင်္ဂလာဒေချ့်ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကား လေဆိပ်သို့ အဝင်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။

သူတို့အား နိုင်ငံခြားသို့ ထွက်ခွာနိုင်ရန် စီစဉ်ပေးသူ ပွဲစား (၅) ဦးအားလည်း ဘင်္ဂလာရဲက ဖမ်းဆီးခဲ့ပြီး သူတို့အထဲမှ အမ်းဒီ နဝက်ခန် ဆိုသူထံမှာ တာကာငွေ ၂၆ သိန်း နှစ်သောင်း တစ်ထောင်တန်ဖိုးရှိ နို်င်ငံခြား ငွေများကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

သူတို့နည်းတူ ဘင်္ဂလာဒေချ့် နိုင်ငံသား (၇) ဦးကိုလည်း ပတ်စ်ပို့ အတုဖြင့် ယမန်နေ့က ဖမ်းမိခဲ့သည်ဟု ရဲက ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်နှင့် မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့ရှိ ယူအန်အိပ်ချ်စီအာရ် ရုံးများသည် ရိုဟင်ဂျာ ဆိုသူများကို ဒုက္ခသည်များ အဖြစ် အဆောတလျင် အသိအမှတ်ပြုပြီး  တတိယနိုင်ငံများသို့ ပို့ပေးသည်ဟု ဆိုသည်။

ကမ္ဘောဒီးယား ဖနွမ်းပင်ရှိ ယူအန်အိပ်ချ်စီအာ ရုံးသည် အမေရိကန် အပါအဝင် တတိယနိုင်ငံသို့  ထွက်ခွာရန် အတွက် အလွယ်ကူဆုံး စခန်းတစ်ထောက်နားရာ နေရာဖြစ်သဖြင့် ကမ္ဘောဒီးယားသို့ သွားနေကြခြင်း ဖြစ််သည်ဟု သိရသည်။

ယခုလအတွင်း ဘင်္ဂလာဒေချ့် ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်ရာမှ ဖမ်းဆီးခံရသူ မြန်မာနို်င်ငံသား ရိုဟင်ဂျာဆိုသူ  ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ဒက္ကားလေဆိပ်မှ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်သူ မြန်မာနိုင်ငံသား မွတ်ဆလင် ရ ဦးကို ဖမ်းမိကြောင်း ဒက္ကား လေဆိပ် လုံခြံုရေး တာဝန်ယူထားသော ပုလိပ်မင်းကြီး အာတီးကွာ ရာဟမန်က ပြောသည်။

ရိုဟင်ဂျာဆိုသူများသည် ဘင်္ဂလာဒေချ့် ပတ်စ်ပို့ဖြင့် နိုင်ငံခြားကို ထွက်ခွာသွားပြီးနောက် ရာဇဝတ်မူများကို ကျူးလွန်ကြသည်ဟု အာတီးကွာ ရာဟမန်ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာက ဆိုသည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူဝင်မူကြီးကြပ်ရေး အရာရှိများကလည်း ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလာဒေချ့် ပတ်စ်ပို့ကို ကိုင်ပြီး နိုင်ငံခြားတွင် ရာဇဝတ်မူများကို ကျူးလွန်ကြသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံ၏ နာမည်နှင့် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နေကြောင်း ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။

ယခုအခါ ဆော်ဒီးအရေးဗီယား နိုင်ငံတွင် ဘင်္ဂလာဒေချ့် ခရီးသွား အထောက်အထားများဖြင့် ဖမ်းဆီးခံထားရသူ ရိုဟင်ဂျာ (၇၀၀) ရှိပြီး ထိုသူများကို ပြန်လည် လက်ခံယူရန် ဘင်္ဂလာဒေချ့်ကို ဆော်ဒီ တာဝန်ရှိသူများက ဖိအားပေးလျှက် ရှိနေကြောင်း ရေးသား ဖေါ်ပြထားပါသည်။

Most read this week