နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။
“အထူးသဖြင့် ဆန်စပါးနဲ့ ပတ်သက်လို့ အထွက်နှုန်းက အင်မတန်နည်းနေတယ်။ လယ်ယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးလုပ်သင့်တယ်လို့ သမ္မတကို တင်ပြထားတာ ရှိတယ်။ ဒါကို သမ္မတကလည်း နိုင်ငံတော်က ရရှိတဲ့ ငွေကြေး အကူအညီတွေ၊ ချေးငွေတွေကိုုိ လယ်ယာ ကဏ္ဍမှာ အဓိကအသုံးပြုသွား မယ်လို့ လမ်းညွှန်ထားတာ ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။
သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ Starnd Hotel တွင် ပြုလုပ်သော မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (Myanmar Agribusiness Public Corporation) ဖွင့်ပွဲအခမ်းအနားတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအား ကိုရီးယား၊ ဂျပန်နှင့် အခြားနိုင်ငံအချို့မှ ငွေကြေးအကူအညီများ ပေးနေပြီး အာရှ ဖွံဖြိုးရေးဘဏ် (ADB) ကလည်း ငွေကြေးအကူအညီ ပေးရန် ရှိသည်။
အနှစ် ၂၀ ကျော် ကာလအတွင်း ပြည်ပကို ဆန်တန်ချိန် ၈ ဒဿမ ၅ သန်းသာ တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တရပ်က ဆိုသည်။
ပြည်ပသို့ ဆန်တင်ပို့မှုတွင် မြန်မာနိုင်ငံသည် အာရှတွင် နံပါတ် ၁၀ ခန့်သာ ရှိပြီး တင်ပို့မှု တိုးတက်နိုင်ရန် အတွက် မျိုးစပါးများ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် ဆန်စက်များကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း ဝန်ကြီးက ဆိုသည်။ စိုက်ဧက သန်း ၂၀ ခန့် ရှိသော်လည်း ရိတ်သိမ်း နည်းပညာ အားနည်းမှုနှင့် လေလွင့်မှုများရှိနေပြီး လက်ရှိအထွက်နှုန်းထက် တဧကလျှင် ဆယ်တင်းခန့် အထွက်တိုးမည် ဆိုပါက နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းခန့် ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ် ကြောင်းလည်း ပြောဆိုသွားသည်။ ထို့ပြင် ဝယ်ယူသူစျေးကွက်မှ ရောင်းသူစျေးကွက်ဖြစ်လာရန်လည်း မျှော်မှန်းထားကြောင်း ဝန်ကြီးက ဆိုသည်။
ဆန်စပါး အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ကလည်း စပါးအထွက်နှုန်း ကောင်းမွန်စေရန် အတွက် ပြည်တွင်းမှာ ရှိသော မျိုးစပါးများကိုသာ အရည်အသွေးမြှင့်သွားမည်ဟု ဆိုသည်။
“မျိုးစပါး အရည်အသွေးက သုံးနှစ်တကြိမ်လောက် ကျတယ်။ တောင်သူတွေ တောင်းဆိုတဲ့ စပါးမျိုးတွေကို အရည်အသွေးမြှင့်ပြီး စိုက်ပျိုးမယ်။ မြန်မာနိုင်ငံ အထက်ပိုင်းလို ရေသွင်း ရေထုတ် ကောင်းတဲ့ ဒေသတွေမှာ ပုလဲသွယ် စပါးကို စိုက်မယ်။ အဓိကကတော့ တောင်သူ တောင်းဆိုတဲ့ မျိုးစပါးကို အရည်အသွေးမြှင့်ပြီး ပြန်စိုက်မယ်” ဟု ပြောသည်။
ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ အင်းမရဲဘော်၊ လုံးသွယ်မွှေး၊ ရေဆင်းလုံးသွယ်၊ မနော်ဟယ်ရီ၊ မှောဘီ-၂ ဆန်များကို ပြည်တွင်းစျေးကွက်က တောင်းဆိုကြောင်းလည်း ပြောသည်။
ယမန်နှစ်က ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းဝယ်ယူပြီး ၂၅ မတ်ဆန်ကို ၁၅ မတ်ဆန် ဖြစ်ရန် ၎င်းတို့၏ ဆန်များကို အရည်အသွေးမြှင့်ပြီး ရောင်းနိုင်သောကြောင့် ကမ္ဘာ့ဆန် စျေးကွက်တွင် နေရာရလာခဲ့ သည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ် ဆန်စက်များမှာ သက်တမ်း အိုမင်းလှပြီဖြစ်၍ အရည်အသွေးမြင့်ဆန်စက်များကို အစားထိုးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
“ဟာလာ ဆန်စက်တွေကို ဖြေရှင်းရမယ်။ အရင်က အချက်အချာကျတဲ့ ကားလမ်းဘေး၊ ရထားလမ်းဘေး တွေမှာ ဆန်စက်တွေ တည်တယ်။ သို့သော်လည်း ခေတ်အဆက်ဆက် နိုင်ငံတော်က စပါးဝယ်တယ်။ ဆန်စက်တွေ ပိတ်ရတယ်။ ဆန်စက်ပိုင်ရှင်တွေ ဒုက္ခရောက်တယ်။ ဆန်စျေးတက်ရင် ဆန်ကုန်သည်တွေ အဖမ်းခံရတယ်။ တဖြည်းဖြည်းနဲ့ ဆန်စပါးလောက ကျဆုံးလာတယ်” ဟု ဦးရဲမင်းအောင်က သုံးသပ်ပြော ဆိုသွားသည်။