ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာရေး အစီရင်ခံစာတရပ်ကို ရွေးကောက်ပွဲ ပြီးနောက် လေးလ အကြာတွင် ထွက်ပေါ်လာခဲ့သည်။
ဤအစီရင်ခံစာမှာ လာမည့် ၂ဝ၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် လေ့လာစရာ အခြေခံတခု ဖြစ်လာရန် မျှော်လင့်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့က သင်္ဃန်းကျွန်း မြို့နယ် ရှိ ၈၈ မျိုးဆက် ကျောင်းသား များရုံးတွင် ပြုလုပ် သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြား သွားသည်။
“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတာကို ကျနော်တို့က အလုပ်လုပ်ရင်းနဲ့ သင်ကြားခဲ့ရတာပါ။ ရွေး ကောက်ပွဲအပြီး ကာလအတွက် သီးခြားထပ်လွှတ်ပြီးတော့ အချက်အလက် အတည်ပြုတာတွေ ထပ်လုပ်ခဲ့ ပါတယ်။ ဒါကြောင့်မို့လို့ ဒီအစီအရင်ခံစာကို ခုမှ ထွက်လာတာပါ။ ၂ဝ၁၅ မှာ ဒီထက်ပိုကောင်းတဲ့ရွေး ကောက်ပွဲမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲပြီးပြီးချင်း တပတ်အကြာတွင် စောင့်ကြည့်ရေးအစီရင်ခံစာ မူကြမ်း ထွက်ရှိခဲ့ပြီး ယခုမူသည် အချောသတ် အစီရင်ခံစာဖြစ်ကြောင်း သိရသည်။
၆၄ မျက်နှာရှိ အစီရင်ခံစာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ရှိ နေရာ ၄၅ ခု ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများ၊ ရရှိသည့် မဲ အရေအတွက်များ၊ ဒေသခံများ၊ ပါတီကိုယ်စားလှယ်များနှင့်ရွေးကောက်ပွဲ ကော်မရှင်တို့ ပြောကြားချက်များ ဖော်ပြရှိသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် နာမည်ဆိုးဖြင့် ကြော်ကြားခဲ့သည့် ကြိုတင်မဲ ၁ဝ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၃ ဒဿမ ၃၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း နှိုင်းယှဉ်ဖော်ပြပါရှိသည်။
အစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သူ ၈၈ ကျောင်းသားများ အဖွဲ့မှ ကိုဝင်းကျော် ကလည်း “ကျနော်တို့ ဒီအစီရင်ခံစာ မှာ နည်းပညာပိုင်းအရ အားနည်းချက်တွေ ရှိပါတယ်။ ဒီလိုအားနည်းချက်တွေ နည်းနိုင်သမျှ နည်းအောင်း လုပ်နေရ တာကြောင့် ကြန့်ကြာနေတာလည်းပါ ပါတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲအပြီး လွှတ်တော်အရပ်ရပ်တွင် ပါတီများနှင့် တသီးပုဂ္ဂလများ နေရာရရှိမှု နှိုင်းယှဉ်ချက်များ ကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေရာများတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ ကိုယ်စားလှယ် တဦးစီ ထားရှိခဲ့ပြီး ဒေသခံများမှ သတင်းပေးပို့ချက်များ၊ သတင်းမီဒီယာသမားများ အပါအဝင်၊ လေ့ကျင့် သင်ကြားပေးထားသော လေ့လာ စောင့်ကြည့်သူများဖြင့် ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်သည့် နည်းများဖြင့် စောင့်ကြည့်နိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။