တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ

တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ
by -
မဇ္ဈိမ

တားမြစ်ဆေးများ တွေ့ရှိခဲ့သောကြောင့် ဥရောပနှင့် အမေရိကန် နိုင်ငံများမှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် တရုတ်နိုင်ငံလုပ် ပျားရည်များ မြန်မာပြည်သို့ တင်သွင်းမှုများ ရှိနေကြောင်း ပျားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

တရုတ်နိုင်ငံမှ ဝင်ရောက်လာသော အဆိုပါ ပျားရည်များတွင် ပဋိဇီဝဆေးများ ဖြစ်သော ကလိုရိုဖီနီကော၊ နိုက်ထရို ဖီနီကော များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ ဆေးများမှာ ပျားများတွင်ရောဂါကင်း အောင် တိုက်ကျွေးခြင်း ဖြစ်ကြောင်း ပျားလုပ်ငန်း အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှုး ဦးကြည်လွင်ဦး က ပြောသည်။

မြန်မာ့ပျားရည်နှင့် ခွဲခြားမရနိုင်သည့် ထို တားမြစ်ဆေးပါ တရုတ်ပျားရည်များ တရားမဝင် တင်သွင်းလာခြင်းကို တားမြစ် အရေးယူပေးရန် သက်ဆိုင်ရာသို့ ပျားလုပ်ငန်းက တင်ပြထားသည်။

“တကယ်လို့ ဒီပျားရည်တွေကို လူတွေ စားမိလို့ ကြာရင် (ဒီဆေးတွေ) ဆေးယဉ်တာ ဖြစ်နိုင်တယ်။ မြန်မာ ပြည်မှာက ပျားရည်ကို တိုင်းရင်းဆေးအတွက် အသုံးပြုကြတာ များတယ်” ဟု ဦးကြည်လွင်ဦး ကပြော သည်။

ပျားရည်ကို မြန်မာပြည်တွင် တိုင်းရင်းဆေးထုတ်လုပ်ရန် တနှစ်တန် ၂၀၀ ခန့် အသုံးပြုသကဲ့သို့ နိုင်ငံခြား စျေးကွက်ဖြစ်သော အမေရိကန်၊ ဂျပန်၊ ကိုရီးယားသို့လည်း တင်ပို့လျက်ရှိသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ ရေးနှစ်တွင် ပျားရည် တန်ချိန် ၂,၁၃၂ တန် (တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၁၃ သန်း) ပြည်ပသို့ တင်ပို့ခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ညွှန်ကြားရေးမှုး ဦးဇော်ဝင်း ကမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ထံ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးဘဲ စျေးကွက်အတွင်းလည်း ယခုအထိ စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း ပြောသည်။

တရုတ်နိုင်ငံမှ တားမြစ်ဆေးဝါးပါ ပျားရည်များ ပြည်တွင်းစျေးကွက်တွင် ရောင်းချနေသည်ကို မတွေ့ရ သော်လည်းပြည်ပ ဝယ်လိုအားကို ဖြည့်တင်းရန်အတွက် ထိုပျားရည်များကို မြန်မာတံဆိပ်ကပ်ကာ ပြည်ပသို့ တင်ပို့ရန် ဖြစ်ကြောင်း ဦးကြည်လွင်ဦး က ပြောသည်။

မြန်မာ့့ပျားရည်သည် နိုင်ငံတကာ ပျားရည် အရည်အသွေး သတ်မှတ်ချက်မမီ၍ ၂၀၀၃ ခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်မှု မရှိတော့ဘဲ စျေးကွက်ပျောက်ဆုံးခဲ့ရပြီး ၂၀၀၅ ခုနှစ်မှ စတင်ကာ အမေရိကန်၊ ဂျပန်၊ ကိုရီးယားနှင့် အချို့တိုင်းပြည်များ တွင် စျေးကွက် ရလာခဲ့ခြင်း ဖြစ်သည်။