'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း SSA-S က ပြောသည်။
ဇူလိုင်လ ၃ဝ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမှုး ကျေးရွာအုပ်စု ပုံတောင်း ဒေသ ရာဘာခြံအတွင်း စိုက်ပျိုးရေး လုပ်ရန်ဟူ၍ ရောက်ရှိလာသည့် အရာရှိ နှစ်ဦးပါ SSA-S တပ်ဖွဲ့ဝင် ၁၄ ဦးကို နယ်မြေ ကျူးကျော်မှုဖြင့် UWSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။
“လွှတ်လည်း မလွှတ်ပေးသေးဘူး။ သူတို့ဘက်က လွှတ်ပေးဖို့ တရားဝင် ပြောလာတာလည်း မရှိသေးဘူး” ဟု မဇ္စျိမကို ပြောသည်။
သြဂုတ်လအတွင်း SSA ကိုယ်စားလှယ်အဖွဲ့နှင့် UWSA တပ်ဖွဲ့တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ကြသော်လည်း ဖမ်းဆီးခံထားရသည့် SSA တပ်ဖွဲ့ဝင်ကိစ္စကို ဆွေးနွေးနိုင်မှု မရှိသေးကြောင်းလည်း “သူတို့ရဲ့ဖိတ်ခေါ်ချက်အရ ကျနော်တို့ နှစ်ကြိမ် တွေ့ဆုံဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကြိမ်လုံးမှာ (ထိုကိစ္စ) မဆွေးနွေးဖြစ်ပါဘူး။ အထက်က ညွှန်ကြားချက်တွေ မရရှိသေးဘူး အဲဒီလိုပဲ ကျနော်တို့ကို ပြောပြတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။
ယင်းအခြေအနေကြောင့် UWSA နှင့် SSA တို့၏ ထိစပ်ဒေသတွင် နှစ်ဘက် တပ်အင်အား ဖြည့်တင်းထား ကြပြီး တင်းမာမှုများ ရှိကြသော်လည်း စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းကြမည် မဟုတ်ကြောင်းနှစ်ဘက်တပ်ဖွဲ့ များက ပြောဆို ကြသည်။
“သူတို့ဘက်က စစ်ရေး လှုပ်ရှားတာတွေ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တောင်းပန်ပါတယ်။ ဒီကိစ္စကို ငြိမ်းချမ်းတဲ့ နည်းနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာလို့ ရပါတယ် ဆိုပြီးတော့။ အောက်ခြေမှာ ဖြစ်တဲ့ ကိစ္စလို့ပဲ ကျနော်တို့ သဘောထားပါတယ်” ဟု စိုင်းလောင်ဆိုင် က ပြောသည်။
သို့သော် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အစီအစဉ်ရှိကြောင်း UWSA ဝိန်ကောင်း ခရိုင် အတွင်းရေးမှူး ဦးစောလွင် က ပြောသည်။
“နည်းနည်းတော့ တင်းမာတယ်။ တိုက်ဖို့ ခိုက်ဖို့ အဲတာတော့ မရှိသေးပါဘူး။ ဆက်ဆွေးနွေးဖို့ ရှိပါတယ်။ ကျနော်တို့ လည်း သူတို့ကို တိုက်ဖို့ခိုက်ဖို့ စိတ်ဆန္ဒ မရှိပါဘူး။ ကောင်းမွန်စွာ ပြန်လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်” ဟု မဇ္စျိမကို ပြော သည်။
အဆိုပါ SSA တပ်ဖွဲ့ဝင်များအား ချုပ်နှောင်ထားခြင်း မရှိဘဲ UWSA တပ်မဟာ (၇၇၂) ဌာနချုပ် မိန်းကျွတ် တပ်တွင်း၌ ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးမည့် နေ့ရက်ကိုမူ မပြောနိုင်သေးကြောင်း ဦးစောလွင် က ဆိုသည်။
UWSA ဘက်ကမူ နယ်မြေကျူးကျော် ဝင်ရောက်လာသည့် SSA တပ်ဖွဲ့ဝင်များမှာ စိုက်ပျိုးရေး လုပ်ရန် မဟုတ်ဘဲ တပ်စခန်း လာရောက် ဆောက်လုပ်ခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
UWSA နှင့် SSA-S နှစ်ဖွဲ့လုံးမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း အခြေချထားကြကာ ဒေသတွင်း နယ်မြေ သတ်မှတ်ရေးနှင့် ပတ်သက်၍ သီးသန့် သဘောတူထားခြင်း မရှိသေးကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်က ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေး မြို့နယ်အတွင်းရှိ ဟိုမိန်းနှင့် မိုင်းတုံမြို့နယ် မုန်းထားမြို့နယ်ခွဲများ အား SSA-S ဗဟိုဌာနချုပ် ဒေသအဖြစ် သတ်မှတ်ရန် သဘောတူခဲ့သည်။
ထိုဒေသသည် UWSA နှင့် RCSS/SSA အပြင် အစိုးရတပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့များ လည်း လှုပ်ရှားသွားလာရာ ဒေသ ဖြစ်သည်။