ရန်ကုန်လူငယ် အကယ်ဒမီ (အမျိုးသား)အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲ သုံးပွဲလုံး နိုင်ပွဲ မရှိခဲ့သော်လည်း မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း၏ ခြေစွမ်းကို ကျေနပ်လျက်ရှိကြောင်း နည်းပြ မာကုဒါ က ဆိုသည်။
ဗီယက်နမ်နိုင်ငံတွင် စက်တင်္ဘာလ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည့် ၂ဝ၁၂ ခုနှစ်၊ အာဆီယံ တံခွန်စိုက်် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အသင်းမှာ နိုင်ငံတွင်း ကစားခဲ့သည့် ခြေစမ်းပွဲများတွင် တပွဲသာ သရေကျခဲ့ပြီး နှစ်ပွဲကို ဂိုးပြတ် ရှုံးနိမ့်ထားသည်။
ရန်ကုန်လူငယ် အကယ်ဒမီအသင်းနှင့် ခြေစမ်းကစားခဲ့ရာတွင် ဂိုးရေ ၅-၂၊ ၂-၂ နှင့် ၆-၁ ဂိုးများဖြင့် ရှုံးနိမ့်ခဲ့ ရသည်။
“ခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းဘူး ဆိုပေမယ့် မြန်မာအမျိုးသမီးအသင်းက တချို့ ကစားသမားတွေရဲ့ ခြေစွမ်းဟာဂျေလိဂ် (ဂျပန် ဘောလုံးအဖွဲ့ချုပ်)လို နေရာမျိုးမှာတောင် ကစားလို့ ရပါတယ်” ဟု နည်းပြ မာကုဒါ က မဇ္စျိမကိုပြောသည်။
နောက်ဆုံး ကစားခဲ့သည့် ခြေစမ်းပွဲကို သြဂုတ်လ ၂၅ ရက်နေ့က ကစားခဲ့ခြင်းဖြစ်ပြီး အချိန်ပြည့် မိနစ် ၉ဝ ကြာ ကစားပြီး ၅-၁ ဖြင့် အရှုံးပြနေသော်လည်း နည်းပြ မာကုဒါ ၏ တောင်းဆိုမှုအရ မိနစ် ၃ဝ ထပ်မံ ကစားခဲ့ကြပြီးနောက် ရန်ကုန်လူငယ် အကယ်ဒမီ အသင်းက တဂိုး ထပ်မံသွင်းယူသွားခြင်း ဖြစ်သည်။
ထို တတိယ ခြေစမ်းပွဲအတွင်း အမျိုးသမီးအသင်းအတွက် တလုံးတည်းသော ဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် စန်းစန်းမော်က သွင်းယူပေးခဲ့သည်။
ရန်ကုန်အကယ်ဒမီအသင်းတွင် အသက် ၁၆ နှစ်မှ ၂၁ နှစ်အတွင်း အမျိုးသား လူငယ် ကစားသမားအများစု ပါဝင်ကစားခဲ့ကြပြီး အမြန်နှုန်းပိုင်း၊ ကြ့ံခိုင်မှုပိုင်းတွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းကို အသာစီးဖြင့် ကစားနိုင်ခဲ့သည်။
အမျိုးသမီးအနေဖြင့် ခြေစမ်းပွဲများတွင် ထိုကဲ့သို့ ရလဒ်များ ဆိုးရွားနေခဲ့သော်လည်း ၎င်း၏အသင်းအနေဖြင့် အမျိုးသမီးအသင်းချင်း ခြေစမ်းကစားရပါက ကျိန်းသေပေါက် ရလဒ် ကောင်းလိမ့်မည် ဖြစ်ကြောင်း ပွဲအပြီးတွင် မာကုဒါ က မဇ္စျိမကို ပြောကြားခဲ့သည်။
“ကျနော်တို့နဲ့ ကစားနေရတဲ့အသင်းက အမျိုးသားအသင်း တသင်း ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား အမျိုးသမီး အသင်းတွေဆိုရင် သူတို့နိုင်ငံတွင်းမှာ ခြေစမ်းစရာ အမျိုးသမီးအသင်းတွေ ရှိတယ်။ ကျနော်တို့မှာတော့ ရွေးချယ်စရာ မရှိပါဘူး။ ဘာပဲပြောပြော အမျိုးသားနဲ့ အမျိုးသမီးကတော့ ကြံ့ခိုင်မှုပိုင်းမှာ ကွာခြားကြတာချည်းပါပဲ” ဟု မာကုဒါ က ပြောဆိုသွားသည်။