ပြောင်းရွှေ့သွားသော ကချင်ဒု က္ခသည် စခန်းများကို တရုတ်အာဏာပိုင်များ ဖျက်ဆီး

ပြောင်းရွှေ့သွားသော ကချင်ဒု က္ခသည် စခန်းများကို တရုတ်အာဏာပိုင်များ ဖျက်ဆီး
by -
ကချင်သတင်းဌာန

ယူနန်ပြည်နယ် နောင်တောင်းခရိုင်မှ မြန်မာပြည်ဖက်သို့အပြီးပြောင်းရွှေ့သွားကြသော ကချင်ဒုက္ခသည် များ၏စခန်းများကို သြဂုတ် ၂၂ ယမန်နေ့ တရုတ်အာဏာပိုင်များက ချက်ချင်း ဖြိုချ ဖျက်ဆီးပေးလိုက် ကြောင်း စခန်းတာဝန်ခံများကပြောသည်။

တရုတ် နောင်တောင်းမှ ယန်လု ဒုက္ခသည်စခန်း

ဒုက္ခသည်များသည် တည်ဆောက်ထားသည့် အိမ်များမှ အမိုးအကာ နေရာထိုင်ခင်း အချို့ ပြန်လည်ဖြုတ် ယူရန် အစီစဉ်ရှိသော်လည်း ထိုသို့ဖျက်ဆီးပေးခြင်းကြောင့် ပြန်လည်သယ်ယူခွင့်မရတော့ကြောင်း ပြောသည်။

“မနေ့က ပြောင်းရွှေ့နေတဲ့ အချိန်မှာပဲ တရုတ်တွေက သွပ်မိုးတွေကို သူတို့ကြိုက်သလို အကုန် ထိုးပြီးတော့ ခွာလိုက်တယ်။ ကင်မရာတွေ ဘာတွေ အကုန်လုံးသိမ်းပေးလိုက်တယ်။ ပြီးတော့ သူတို့ကတော့ ရိုက်ယူ တယ်” ဟု အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခုပြန်လည်နေရာချထားပေးသော နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင် နှင့် အိမ်သာများကို ဆောက်လုပ်ရန်လိုအပ်ကြောင်း ပြောင်းရွှေ့လာသော ဒုက္ခသည်တစ်ဦး က ပြောသည်။

“သူတို့ လာပြောထားတာက အားလုံးလုပ်ပေးမယ်လို့ပြောတာပဲလေ။ ဒါပေမဲ့ အခုဖြစ်လာတာနဲ့ ပြောတာနဲ့ တခြားစီဖြစ်နေတာပေါ့။ ဒါပေမဲ့ လူကြီးတွေလည်း လူများတယ်ဆိုတော့ လိုလေသေးမရှိတော့ မလုပ်ပေး နိုင်ဘူးလေနော်” ဟု ဒုက္ခသည် တစ်ဦးကပြောသည်။

အပြီးပြောင်းရွှေ့သွားကြသော ယန်လု (Yang Lu) နှင့် လော့ဖိုင်း (Lau Hpai) စခန်းများကို ရွှေလီမြို့နယ်နှင့် နောင်တောင်း ခရိုင်မှ လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများ၊ လုံခြံုရေးအရာရှိများ၊ ရဲများ၊ ထောက်လှန်းရေးများလာရောက် ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၁ နှစ်ကျော်ကြာနေထိုင်ခဲ့သော ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် အချို့သည် ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာ မန်ဝိန်ကြီးသို့  မိသားစုများ အသီးသီး ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေကြသည်။

မန်ဝိန်းသို့ပြောင်းရွှေ့လာသော ဒုက္ခသည်အချို့သည် စခန်းများမှ လက်မခံတော့ခြင်းကြောင့် ၄င်းတို့ဆွေမျိုး များအိမ်နှင့် နေရာလွတ်နေသော နွားတင်းကုတ်တွင် မိုးကာများပြုလုပ်ကာ နေထိုင်ကြကြောင်းသိရသည်။

ဒုက္ခသည်စခန်း ၆ ခုထဲမှ ဒုက္ခသည်စခန်း ၂ ခုကို ရှေးဦးစွာ အပြီးစတင်ပြောင်းရွှေ့ပေးနေခြင်းဖြစ်ပြီး နောက်ထပ် စခန်းများလည်းဆက်လက်ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့က ငါနောင်းပါ (Nga Nawng Pa) စခန်းပြောင်းနေတယ်။ မနက်ဖြန်က ဘယ်စခန်းပြောင်းမယ် မသိသေးဘူး။ ဒီညလောက်ပြန်ပြောင်းလာလိမ့်မယ်။ ဘယ်စခန်း ပြန်ပြောင်းရမယ် ဆိုတာကိုပေါ့” ဟု တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထိုသို့ပြောင်းရွှေ့ရာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် တရုတ်အစိုးရတို့သည် မြေတင်ကား၊ ဘတ်(စ်)ကား၊ ၁၂ ဘီးကားများဖြင့် ကားအစီး ၃၀ ခန့်ဖြင့် ဒုက္ခသည်များ၏ ပစ္စည်းများကို သယ်ပို့ပြောင်းရွှေ့ပေး နေကြောင်း သိရသည်။

တရုတ်အာဏာပိုင်များသည် ဇူလိုင် ၂၀ ရက်နေ့တွင် KIO အရှေ့ဘက်တိုင်း အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ နောင်တောင်း (Nongdao) ရှိ ဒုက္ခသည်စခန်း ၆ ခုကို ပြောင်းရွှေ့ပေးရန် ညွန်ကြားပြီးနောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်သည်။

ယခုပြောင်းရွှေ့နေရသော နောင်တောင်းဒုက္ခသည်စခန်း ၆ ခုမှ  ဒုက္ခသည် စုစုပေါင်း လူဦးရေ ၄၆၈၀ ရှိပြီး ၄င်းတွင်  ကျောင်းသူကျောင်းသားစာရင်းသည် သူငယ်တန်းမှ ပထမတန်းအထိ ၈၆၈ ဦးရှိပြီး၊ မူကြိုကလေးများ ၃၃၇ ဦးရှိကာ အိမ်ထောင်စု ၉၀၀ ကျော် ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

Most read this week