ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းအတွက် မျိုးစပါး ၄၀,၀၀၀ ပံ့ပိုးပေးရန်ရှိ

ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းအတွက် မျိုးစပါး ၄၀,၀၀၀ ပံ့ပိုးပေးရန်ရှိ
by -
မဇ္ဈိမ

ရေလွှမ်းခြင်းခံရသော ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း တို့မှ လယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးနိုင် ရန်အတွက် မျိုးစပါး တင်းရေ လေးသောင်းခန့် ပံ့ပိုးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်း တာဝန်ရှိသူ တဦးက ပြောသည်။

“ရေကြီးတဲ့ဒေသက တောင်သူလယ်သမားတွေ အခက်အခဲမရှိဘဲ လုံလောက်တဲ့ မျိုးစပါး ရဖို့ ဆောင်ရွက် သွားမယ်။ လိုအပ်နေတဲ့ မျိုးစပါးတွေ ပံ့ပိုးပေးနိုင်ဖို့အတွက် သြဂုတ်လ ၁၉ ရက်နေ့က စပြီးတော့ အဆိုပြုလွှာ ခေါ်ထားပါတယ်။ အဲဒီကနေ ဝယ်ယူပြီးတော့ တောင်သူတွေကို ပြန်ပေးမယ်။ ဆန်စပါး အထူးပြုကုမ္ပဏီ တွေကလည်း သီးခြား ပံ့ပိုးပေး မယ်” ဟု ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောသည်။

သြဂုတ်လ ၂၃ ရက်နေ့အထိ ရရှိသည့် စာရင်းများအရ ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက ၂၇ဝ,ဝဝဝ ကျော်ရေလွှမ်းခံ ရပြီး ဧက ၅ဝ,ဝဝဝ ကျော် ပျက်စီးခဲ့ရသည်။ ပဲခူးတို်င်းတွင် ရေလွှမ်းခံရသည့် ဧက ၁၇ဝ,ဝဝဝ ကျော်အနက် ဧက ၁ဝ,ဝဝဝ ကျော် အသီးသီး ပျက်စီးခဲ့၍ ထိုတိုင်းနှစ်တိုင်းအတွင်း စုစုပေါင်း စိုက်ဧက ၆ဝ,ဝဝဝ ကျော် ပျက်စီးခဲ့သည်။

အခြေအနေကို ဆက်လက် စောင့်ကြည့်ရန်လိုကြောင်းနှင့် ရေပြန်မကျပါက ပျက်စီးဆုံးရှုံးမှုမှာ ယခုထက် ပိုသွားနိုင် သည်ဟု ဦးရဲမင်းအောင် က ခန့်မှန်းသည်။

အဆိုပါ ဒေသများအတွက် မနောသုခ၊ စင်းသွယ်လတ်၊ စင်းသွယ်မွှေး၊ သီးထပ်ယဉ် စသည့် မျိုးစပါးများကို ဖြန့်ဝေ သွားမှာဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် ပဲခူးတိုင်း အရှေ့့ပိုင်းရှိ ကဝ၊ သနပ်ပင် မြို့နယ်တို့တွင် မျိုးစပါး တင်း ၁,ဝဝဝ စတင်ဖြန့်ဝေပေးလျက် ရှိပြီး “ဧရာဝတိုင်း ဘက်ကို ရေကျသွားတဲ့အချိန်မှာ တောင်သူ တွေ လိုအပ်မယ့် မျိုးကို ပံ့ပိုးပေးသွားမှာပါ။ ဖြန့်ဝေပေးနိုင်ဖို့ ရေလွှမ်းဒေသတွေမှာ ရေကျမယ့် အချိန်ကို စောင့်ရမှာပါ” ဟု ဦးရဲမင်းအောင် က ဆိုသည်။

စိုက်ဧကများ အချိန်နှင့် တပြေးညီ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန်နှင့် တောင်သူများ နစ်နာမှုမရှှိစေရန် အတွက် အရေးပေါ် အကူညီမှုအဖွဲ့ကို ဆန်စပါး အသင်းချုပ်က သြဂုတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ မိုးစပါး ဧက ၃ဝ ကျော် ရေနစ်မြုပ်သွားသူ တောင်သူ ဦးသန်းဦး ကလည်း
ရေပြန်ကျချိန် ခန့်မှန်းမရ၍ မျိုးစပါးအတွက် စိတ်ပူပန်နေရကြောင်း ပြောသည်။

“စပြီး ရေဝင်တဲ့အချိန်တုန်းကတော့ လိုက်ပြီး ဖေါက်ချပေမယ့် မိုးကလည်း နေ့တိုင်း သဲသဲမဲမဲ ရွာနေတော့ မနိုင်တော့ ဘူး။ စပါးတွေက ရှင်နိုင်မှာ မဟုတ်တော့ဘူး။ ရေကလည်း ဘယ်အချိန် ပြန်ကျမှန်း မသိသေးဘူး။ ပြန်စိုက်ဖို့ အတွက် မီပါ့မလား စိုးရိမ်နေရသလို မျိုးစပါး ရှာဖို့အတွက်လည်း စိတ်ပူနေရတယ်” ဟု ဆိုသည်။

လက်ရှိ အနေအထားအရ ရေပြန်ကျနေသော ဒေသများရှိသလို ဆက်လက် ရေလွှမ်းနေဆဲ ဒေသများလည်း ရှိနေသေး ၍ မျိုးစပါးလိုအပ်ချက် ပမာဏကို တိတိကျ မသိသေးကြောင်း နှင့် မျိုးစပါးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် တိုင်းအစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်စပါးအသင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် စပါးစိုက်ဧက ၁၅ သန်းနှင့် ၁၆ သန်း အကြားတွင် ရှိပြီး ရေလွှမ်းမှုကြောင့် ပျက်စီးဆုံး ရှုံးသည့် စိုက်ဧက ပမာဏသည် ဆန်စပါး ထုတ်လုပ်နိုင်မှုကို လျော့စေနိုင်သည့် သက်ရောက်မှုမရှိနိုင် ကြောင်း ဆန်စပါးအသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းဦး က ပြောဆိုသည်။