လက်နက်မှု၊ မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲခံထားရသည့် ထိုင်းနိုင်ငံသား ကိုးဦးအနက် လက်နက်မှုဖြင့် ရှစ်ဦးကို သောကြာနေ့တွင် ကော့သောင်းမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ်စီ ချမှတ်လိုက် ကြောင်း သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့မှ စတင် ရုံးထုတ် စစ်ဆေးလာခဲ့ရာမှ ပြစ်မှု ထင်ရှားသည်ဟုဆိုပြီး မြို့နယ်တရားသူကြီး ဒေါ်သီတာလှိုင်ချို က စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။
“ပုဒ်မ ၁၉ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ရ နှစ် ချလိုက်တယ်။ ယောက်ျားသက်သက် ရှစ်ယောက်ကို ချတယ်။ အလုပ်ကြမ်းနော် လျှော့ရက် မရှိဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် နိုင်ငံ ကျူးကျော်ဝင်ရောက် နေထိုင်ကာ ရာဘာနှင့် ဆေးခြောက်စိုက်ခင်း စိုက်ပျိုး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို ကော့သောင်းခရိုင် တရားရုံးက တရားမဝင် နိုင်ငံ ခိုးဝင်မှု၊ သစ်တောမှုတို့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင်ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။
တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များအရ ဖမ်းဆီးစဉ်က အပြန်အလှန် ပစ်ခတ်မှုတွင် တပ်မတော်သား တဦး ကျဆုံးခဲ့သည်ဟုလည်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
လက်နက်မှုဖြင့် စွပ်စွဲခံထားရသူ ရှစ်ဦး၊ မူးယစ်ဆေးဝါးမှုဖြင့် စွပ်စွဲခံထားရသူ နှစ်ဦးအနက် အမျိုးသားတဦး ဖြစ်သည့် ထမ်ပွင့်လ် မှာ အမှုနှစ်ခုလုံးတွင် ရင်ဆိုင်နေရပြီး ၎င်းတို့အနက် နမ်ကလဲ့ယာ အမည်ရှိ အမျိုးသမီးတဦး ပါဝင်သည်။
ထမ်ပွင့်လ် မှာ ဦးနှောက်သို့ ငှက်ဖျားပိုး ဝင်သည့်အတွက် သတိလစ်ကာ ကော့သောင်း ဆေးရုံကြီးသို့ တင်ထားရဆဲ ဖြစ်ကြောင်း သိရသည်။
တနင်္လာနေ့တွင် မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲထားခံရသူ ထမ်ပွင့်လ် နှင့် နမ်ကလဲ့ယာ တို့ နှစ်ဦးအား မြို့နယ်တရားရုံးတွင် စီရင်ချက် ချဦးမည်ဟု တရားရုံးသို့ သွားရောက် နားထောင်ခဲ့သူ ကော့သောင်းမြို့ခံ ကိုသန်းထွန်း က ပြောသည်။
“သူတို့ကို ဆီးစစ်ထားတုန်းပဲ ရှိသေးတယ်။ ဆရာဝန်က ဆေးစစ်ချက်ကို စောင့်နေတာ” ဟု မဇ္စျိမကို ပြောသည်။
ထိုင်းနိုင်ငံသားများ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးရန်အတွက် ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ ရှေ့နေ နှစ်ဦးကို ငှားရမ်းပေးထားသည်ဟုလည်း သိရသည်။
ဇူလိုင်လ ၁၀ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ရာဘာခြံ လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို တဲ ၂၃ လုံး၊ M-16 ၅ လက်၊ AR-15 ၂ လက်၊ AK-47 ၂ လက်၊ ဝင်ချက်စတာ ၅ လက်၊ ပွိုင့်-၃၈ ခြောက်လုံးပြူး ၃ လက်၊ ပွိုင့်- ၃၅၇ ခြောက်လုံးပြူး ၁ လက်၊ လုပ်သေနတ်ရှည် ၉ လက်၊ တို ၂ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ AK-47 ကျည် ၁၁ တောင့်၊ ပွိုင့် ၃၈ ကျည် ၃၆ တောင့်၊ လုပ်သေနတ်ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခု၊ မြေထိုးစက် ၃ စီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ဝ စီး၊ ရာဘာပင် ဧက ၁၅ဝဝ နှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြပါရှိသည်။
တရားခံများကို အကူအညီပေးရန် ဒေသခံ ထိုင်း-မြန်မာ နယ်ခြား ကော်မတီသို့ တာဝန်ပေးထားကြောင်းနှင့် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာတရားစီရင်မှု လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ထိုင်းနိုင် ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ ၏ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်