ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေတွင် ယုဇနကုမ္ပဏီမှ ရွှေ တိုးချဲ့တူးဖော်

ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေတွင် ယုဇနကုမ္ပဏီမှ ရွှေ တိုးချဲ့တူးဖော်
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ကမ္ဘာ့ကျားထိန်းသိမ်းရေးနယ်မြေ ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီနှင့် ၀ရာဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ကျေးရွာ အလယ်တန်းကျောင်းဖွင့်လှစ်ရန် ရန်ပုံငွေအဖြစ် ရွှေတူးဖော်ခွင့်လုပ်ကွက်ပေးကာ အခွန်ကောက်ခံနေသော်လည်း လက်တွေ့တွင်ကျောင်း အတွက် အကောင်ထည်ဖော်ခြင်းမရှိကြောင်း ဒေသခံများပြောသည်။

gold-mining-between-model-village

ယုဇနကုမ္ပဏီနှင့် ၀ရာဇွပ်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘခယမ်နော်ဒီးတို့မှ ပြောင်းရွှေ့ခံရသော စံပြကျေးရွာတွင် အလယ်တန်းကျောင်းဖွင့်လှစ်နိုင်ရန်နှင့် ကျေးရွာဖွံ့ဖြိူးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက်ဟု ပြောဆိုကာ ၂၀၁၂  ဖေဖေါ်ဝါရီလမှစတင်၍ ရွှေလုပ်ကွက်မှ ငွေကောက်ခံနေခြင်း ဖြစ်ကြောင်း ၀ရာဇွပ်ဒေသခံတစ်ဦးပြောသည်။

“ရွာမှာ အလယ်တန်းကျောင်းဖွင့်ဖို့တဲ့ ရွှေကျင်းကလည်းငွေကောက်တယ်။ စက်ဖောင်ကလည်း ငွေကောက် တယ်။ ဒါပေမဲ့ ခုထိ ဘာမှ လုပ်ပေးတာမရှိသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ရှထူးဇွပ်ကျေးရွာမှ အနောက်ဘက် ၂ မိုင်အကွာတွင်ရှိသော ၄င်း ကိုင်းတောမှော် ၂ ရွှေမှော်တွင် လုပ်ကွက်များ ပေး ရာတွင် ရွှေကျင်းတကျင်းလျှင် ကျပ် ၅ သိန်းနှင့် စက်ဖောင် တဖောင်ကို တစ်လလျှင် ကျပ်ငွေ ၃ သိန်း ကောက်ခံ၍  ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့ ရွှေတူးဖော်ရေးလုပ်ငန်း ခွင့်ပြုလာပြီးနောက် လူမှုဆိုးကျိုးများ ရာဇဝတ်မှုများသည် ၄င်းအနီးတဝိုက်နယ် မြေတွင် ကျယ်ပြန့်လာပြီး မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာသည်ဟု ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ လေ့လာသုံးသပ်ထားသည်။

၀ရာဇွပ်ဒေသခံတစ်ဦးကလည်း “ဒီရွှေမှော်ကြောင့် ကျနော်တို့ရွာက လူတွေလည်း အားလုံး ဘိန်းသမားဖြစ် လာတယ်။ ပြည့်တဆာလုပ်စားတာ တွေလည်းများလာတယ်။ ရှထူးဇွပ်ရွာမှာဆို ပြည့်တန်ဆာအခန်းဖွင့်စား တာတွေရှိတယ်” ဟု ပြောသည်။

ရွှေမှော်ဖြစ်လာပြီးနောက် ယုဇနကုမ္ပဏီစိုက်ပျိုးရေးစီမံကိန်းဧရိယာအတွင်းရှိ ဒေသခံလူဦးရေ ၈၀ ရာခိုင်နှုန်း သည်လည်း ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာဘ ဆေးများ သုံးစွဲလာကြောင်း နှင့် အမျိုးသမီးများ လိင်ဖျော်ဖြေလုပ်ငန်း များရှိလာပြီး မင်းမဲ့စရိုက်၊ အုပ်ချုပ်သူမဲ့ဖြစ်ကာ ရာဇဝတ်မှုကျူးလွန်မှုပြဿနာများ ဖြစ်နေကြောင်း KDNG ၏ ဒု-တာဝန်ခံ စာဂျီးက ပြောသည်။

ကမ္ဘာ့ကျားထိန်းသိမ်းရေးနယ်မြေမှ မြေဧက ၂ သိန်းကို ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ယုဇနကုမ္ပဏီပိုင် ဦးဌေးမြင့်သည် ကြံနှင့် ဇီဝ လောင်စာဆီ အတွက် ပီလောပီနံ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှ ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနေရာသည် ဟူးကောင်းချိုင့်ဝှမ်းအတွင်း ဒေသခံလူထုများ လုပ်ကိုင်စားသောက်နေသောလယ်ယာ မြေနေရာဖြစ်ပြီး ယုဇနကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းများကြောင့် အတင်းအကျပ်သိမ်း ယူခံခဲ့ရပြီး စံပြကျေးရွာသို့ပြောင်းရွှေ့ပေးကာ ယခုချိန်ထိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးများကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည့် ကျေးရွာလည်းဖြစ်သည်။

Most read this week