လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့

လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့
by -
မဇ္စျိမ

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေးရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

ဆွေးနွေးမှုမှာ နံနက် ၁ဝ နာရီက စတင်ပြီး  နံနက် ၁၁း၃ဝ အချိန်အထိ မပြီးပြတ်သေးဟုလည်း သတင်းရပ်ကွက်က ဆိုသည်။

ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက လွှတ်တော်နှစ်ရပ်နှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့အကြား အငြင်းပွားနေခြင်း ကို သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ဆွေးနွေးနေခြင်းဟု ယူဆကြောင်း မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက လွှတ်တော်နှစ်ရပ်မှ လွှတ်တော်အမတ်များနှင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာမှ စတင်သော တင်းမာမှုသည် ကိုးဦးပါ အခြေခံ ဥပဒေခုံရုံုးအဖွဲ့ဝင်များ တာဝန်မကျေဟု လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရန် ပြင်ဆင်သည်အထိ ဖြစ်လာခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သမ္မတထံတင်ပြခဲ့သော ခုံရုံးအဖွဲ့ဝင်များ အလိုအလျောက် ရာထူးမှ နှုတ်ထွက်ပေးရန် ဖိအားပေးရန်အချက်မှာ ပယ်ချခံခဲ့ရပြီး ခုံရုံးအဖွဲ့ဝင်များဘက်ကလည်း ကျူးလွန်မှုမရှိကြောင်း ငြင်းဆိုကြကာ ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ထုတ်ပြောခဲ့သည်။

သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသော်လည်း လွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်ရန် ပိုမိုအားသန်နေသည်။

လွှတ်တော်ရေးရာကော်မတီများ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ်နှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံး၏ မတ်လ အတွင်းက ဆုံးဖြတ်ချက်ကို သွားရောက်ကြားနာခဲ့သူ အောက်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက လွှတ်တော်သို့ အစီရင်ခံရာတွင် "မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို တနာရီလောက်ကြာအောင် မတ်တတ်ရပ် နားထောင်ခဲ့ရတာနှင့် မတန်စွာကြားနာ ခဲ့ရပါတယ်။" ဟုပါရှိသည်။

ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မည့်အဆိုကို သောကြာနေ့တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းရန်ရှိသည်ဟု လည်း အထက်လွှတ််တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။ ကြာသပေးနေ့တွင် လွှတ်တော်နှစ်ရပ် အစည်းအဝေးများကို ဖျက်သိမ်းလိုက်သော်လည်း နေ့လည်တနာရီတွင် ပြည်ထောင်စုလွှတ််တော် ကျင်းပရန်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိပ္ဗါယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း လွှတ်တော်နှစ်ရပ်လုံး၏နည်းဥပဒေအသီး သီးတွင် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟု  ပြဌာန်းထားသည်။

"ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု အစိုးရအဖွဲ့၊  အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကို လည်းကောင်း ဆိုသည်” ဟူ၍ ဖြစ်သည်။