မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းနှင့် စစ်တောင်း မြစ်ရေ လျှံခြင်းကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ် သုံးပုံတပုံမှာ တလခန့် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များကို အကူအညီပေးနေသူ များနှင့် ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ စတင် ရေလွှမ်းခံရခြင်းကြောင့် ကဝမြို့နယ်အတွင်းရှိ ရွာ ၁၃၆ ရွာအနက် ၄၅ ရွာ ရေလွှမ်းခံရ ကာ လယ်မြေ ဧကပေါင်း ၃ဝ,ဝဝဝ ကျော် ပျက်စီးသွားသည်ဟု ခန့်မှန်းရကြောင်း ရေဘေးသင့် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ ပဲခူးခရိုင် ကော်မတီဝင် ဦးတင့်လွင် က ပြောသည်။
ကဝမြို့နယ်အတွင်း အုန်းနှဲကျေးရွာအုပ်စုတွင် လယ်မြေ ဧက ၄,ဝဝဝ ခန့် ပျက်စီးသွားခြင်း၊ သက္ကလ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၄ဝဝ ကျော်မှ လူဦးရေ ၁,၂ဝဝ ကျော် ရေဘေးသင့်ခြင်း စသည်တို့ကို ၎င်းက စုပေါင်းတွက်ချက်ပြောဆိုခြင်း ဖြစ်သည်။
“လယ်တွေပေါ်မှာ ကျနော်တို့ မော်တော် ဖြတ်မောင်းသွားလို့ ရတယ်လေ။ လယ်ထဲမှာ စပါးပင်တွေ မရှိတော့ဘူး။
ရေကြီးတဲ့ ဒေသတွေ အားလုံးမှာ အဲဒီလို ဖြစ်သွားပြီ။ ကြဲခင်းတွေရော၊ စိုက်ခင်းတွေရော အားလုံးက ပျက်သွားပြီ” ဟု ဦးတင့်လွင် က မဇ္စျိမကို ပြောသည်။
သက္ကလ ရွာမှ ဒေါ်သန်းသန်းအေး ကလည်း “သက္ကလမှာလေ ရေကြီးတာ ရက် ၂ဝ လောက် ရှိသွားပြီ။ စစ်တောင်း မြစ်ရေ ဝင်တာလေ။ အခု စိုက်ပြီးသားတွေပါ ပျက်စီးတယ်” ဟု ပြောသည်။
ထို့ပြင် အိမ်ခြေပေါင်း ၂,၅ဝဝ ကျော်နှင့် လူဦးရေ ၁၅,ဝဝဝ ကျော်လည်း ရေဘေးဒဏ် ခံနေကြရသည်ဟု ရေဘေးသင့် သူများကို အကူအညီပေးနေသည့် ပဲခူးမြို့မှ ကိုဂျမား က ဆိုသည်။
အုန်းနှဲရွာတွင် ဘုရားကြီး၊ ကုသိနာရုံနှင့် ခဲမပြင်ဘုရားများတွင် ကယ်ဆယ်ရေးစခန်း သုံးခုနှင့် အခြား ကျေးရွာအချို့ တွင်လည်း အလားတူ စခန်းများ ဖွင့်ထားကာ ကျေးရွာအများစုမှာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရသည်ဟု အုန်းနှဲကျေးရွာအုပ်စုဘက်တွင် အကူအညီပေးနေသည့် ကိုဂျမား က ပြောသည်။
ရေဘေးကြောင့် စာသင်ကျောင်းများ မဖွင့်နိုင်သေးခြင်း၊ အလုပ်အကိုင် ကင်းမဲ့ခြင်းနှင့် ကျန်းမာရေး ချွတ်ယွင်းခြင်း စသည့် ပြဿနာများကိုလည်း မြင်တွေ့နေရကြောင်း အကူအညီပေးနေသူများက ပြောသည်။
“ဖျားနာ၊ ဝမ်းပျက် ဝမ်းလျှော၊ တုတ်ကွေး ရောဂါတွေ ဖြစ်ကြတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာကို တွေ့ရတယ်” ဟု ကိုဂျမား က ပြောသည်။
သက္ကလ ကျေးရွာအုပ်စုဘက်တွင် အကူအညီပေးနေသည့် ဦးတင့်လွင် က “ဆိုးဆိုးဝါးဝါး ဖြစ်တာက အရေပြားမှာ ခြေတောက်တွေမှာ၊ လက်တွေမှာ ဝဲတွယ်တာပေါ့ဗျာ။ ဝဲစားတဲ့ ရောဂါတွေ တော်တော်များများ ဖြစ်ကြတယ်။ ရေဆိုးကြောင့်ပေါ့။ အသက်ဘေးအန္တရာယ် ဖြစ်လောက်တဲ့ ဝမ်းရောဂါတော့ မဖြစ်ဘူးခင်ဗျ” ဟု ဆိုသည်။
“အများစုကတော့ အလုပ်အကိုင် မဲ့သွားတဲ့ ပြဿနာ၊ တနေ့လုပ် တနေ့စား သမားတွေပေါ့။ ပျမ်းမျှ ရွာရဲ့လေးပုံ တပုံလောက် အဲဒီလို ဖြစ်နေတာ ရှိတယ်” ဟု သူက ဆက်ပြောသည်။
ရေဘေးသင့်သူများအား ကဝမြို့နယ် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ သက္ကလ၊ အုန်းနှဲ၊ သံတံခါး စသည့် ဒုက္ခသည် စခန်းများသို့ သွားရောက်ကာ ကျန်းမာရေး ပညာပေး ဟောပြောပွဲနှင့် ဆေးဝါး ကုသမှုများကို ဆောင်ရွက်ပေးနေပြီး ပဲခူးခရိုင် သဘာဝ ဘေးအန္တရာယ် အကူအညီပေးရေး ကွန်ယက်အဖွဲ့၊ ပဲခူးတိုင်း NLD နှင့် အခြား စေတနာရှင်များက လာရောက်ကူညီကြသည်။
အလားတူ ပဲခူးတိုင်း ညောင်လေးပင်၊ သနပ္ပင်နှင့် မဒေါက်မြို့နယ်များတွင်လည်း ရေဘေးဒဏ် ခံနေရပြီး စိုက်ခင်းများ ပျက်စီးမှု ရှိကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီးဌာန ၏ သြဂုတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေ သည် မဒေါက်မြို့တွင် ၂၄-၇-၂ဝ၁၂ ရက်နေ့မှ စ၍ ၂၉ ရက်ခန့် စိုးရိမ်ရေမှတ် အထက် ကျော်လွန်နေပြီး မြန်မာစံတော် ချိန် ၁၂း၃ဝ နာရီ အချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် အထက် ၁၁၄ စင်တီမီတာ ၃ ဒသမ ရ ပေခန့် ကျော်လွန် ကာ နောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ဆိုသည်။
၎င်းပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် ၁၇ စင်တီမီတာ (၇ လက္မခန့်) ကျော်လွန်နေပြီး ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။
နိုင်ငံတဝှမ်း ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိပြီး အဆိုးရွားဆုံးမှာ ၂၆ မြို့နယ် ရှိသည့် ဧရာဝတီတိုင်း ဖြစ်ကာ မြို့နယ် ၁၂ ခုတွင် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်သည်။