ဆက်ဆံရေးရုံး မရှိသေးခြင်း၊ တပ်နေရာ ချထားခြင်း မရှိသေးသည့်အတွက် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် ပစ်ခတ်မှုများ ဖြစ်နေရကြောင်း ၀န်ကြီးဦးအောင်မင်း၏ လွှတ်တော်သို့ တင်ပြချက်သည် အခြေအမြစ်မရှိဟု SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ကျနော်တို့ SSPPက ၂၀၁၂ ခုနှစ်ဇန္နာဝါရီလ (၂၈) ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပါတယ်။ ပြီးတော့ လား ရှိုးမြို့မှာရော တောင်ကြီးမြို့ ပေါ်မှာပါ ဆက်ဆံရေးရုံးတွေ ရှိတယ်။ တပ်နေရာကိုတော့သူ့နေရာ သူနေ၊ ကိုယ့်နေရာ ကိုယ်နေ ဆိုပြီး၊ ယေဘူယျ သတ်မှတ်ကြတဲ့ အပြင် အစိုးရက ဆုတ်ပေးရမဲ့နေရာ ရှိသလို ကျနော်တို့ ဆုတ်ပေးရမဲ့ နေရာတွေလည်း ရှိ ပါတယ်။ ဒါကို သဘော တူညီချက်အရ ကျနော်တို့ ဆုတ်ပေးပေမဲ့ အစိုးရဖက်ကတော့ မဆုတ်ပေးတဲ့ အပြင်၊ ရာဇသံ (၃) ခါပေး ပြီး ထပ်ဆုတ်ခိုင်းခဲ့သေးတယ်။ ဒါလည်း နှစ်ကြိမ်တိုင် ကျနော်တို့ ဆုတ်ပေးပါရက်နဲ့ ထပ်မံ ရာဇသံပေးပြီး ဆုတ်ခိုင်းပြန်တယ် ”ဟု ဆိုပါသည်။
SSPP ၏ လာရှိုး ဆက်ဆံရေးရုံး တာဝန်ခံမှာ ဗိုလ်မှူးစိုင်းအောင်လ ဦးဆောင်ပြီး၊ တောင်ကြီး ဆက်ဆံရေးရုံးတွင် ဗိုလ်မှုး ဆေးဖိန်ဖက ဦးဆောင်နေပါသည်။ ဤကဲ့သို့ ဆက်ဆံရေး ရုံးများ ရှိနေပါလျှက်နှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်မှာ တမင် သာလျှင် ဖန်တီးနေသည်ဟု သုံးသပ်သူများကဆိုပါသည်။
SSPP နှင့် အပစ်အခတ် ရပ်စဲထားပါလျှက်နှင့် ဘာကြောင့် ပစ်ခတ်မှု ဖြစ်နေရသလဲဆိုသည့် လွှတ်တော် အမတ်တဦး၏ အ မေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ဖြေဆိုခဲ့ပါသည်။ http://www.kawli.info/?p=2520
SSPP ကမူ အစိုးရသည် တပ်နေရာ ချထားခြင်းကို အကြောင်းပြပါက တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းလို့ရပါလျှက် အ စိုးရဖက်က အကြောင်း မကြားဘဲ ဘာကြောင့် SSPP တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သနည်း။ အပစ်ရပ်ချိန်မှစပြီး တိုက်ပွဲ အကြိမ် (၃၀)ထက်မနဲ ဖြစ်ပွားခဲ့ ပြီး၊ ဖြေရှင်းပေးပါရန် လာရှိုး တောင်ကြီး ဆက်ဆံရေးများမှ တဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့ နှင့် သမ္မတထံ တိုင်ကြားခဲ့ ပါသည်။ သို့သော် ပြေလည်မှု မရသည့်အပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာခဲ့ပါသည်။
SSPP သည် ဦးအောင်မင်းပြောသလို၊ ပြည်နယ်အဆင့်နှင့် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် ထိမ်းချုပ်ရာ နယ်မြေ၌ လက်နက်ကိုင်ဆောင်ပြီး သွားလာပါက ကြိုတင်အကြောင်းကြားရေး အပါ၀င် အချက်(၅)ချက်ကို သဘောတူခဲ့ပါသည်။
အလားတူ ပြည်ထောင်စု အဆင့်ဖြင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကျင်းပခဲ့ပြီး ဖြစ်ပါလျှက် တိုက်ပွဲဆက်ဖြစ်မည့် အ လားလာများ ယနေ့အထိ တင်းမာနေဆဲဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ ဖြစ်ခဲ့တဲ့ပြသနာတွေ ရှိပါစေတော့၊ တကယ်လို့ ဦးအောင်မင်းတို့ဖက်က လိုလားရင်၊ ဆွေးနွေးပွဲအသစ်ပြန်လုပ်ပြီး၊ သဘော တူညီချက်အသစ်တွေ ပြန်ညှိလို့ရပါတယ်။ အဲဒီမှာပြန်ဆွေးနွေးပေါ့။ အခုဖြစ်နေတာက ရာဇသံပေးတယ် ဆုတ်ခိုင်းတယ်၊ဒါ ကို သမ္မတထံ တိုင်ကြားတယ်၊ ဒါပေမဲ့ ဘာမှ မဖြစ်လာတဲ့အပြင် တင်းမာမှုတွေဘဲများလာတယ်၊ ဒီတော့ ကျနော်တို့က အစိုး ရရဲ့ တတိယ အကြိမ် ရာဇသံကိုတော့ လိုက်နာတော့မှာ မဟုတ်တော့ပါဘူး”ဟု ဆိုပါသည်။
အစိုးရသည်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးရေးနှင့် လွှတ်တော်အဆင့် နိုင်ငံရေး ဆွေးနွေးရေးဟူသည့် လုပ်ငန်းစဉ်များချမှတ်ထားသည့်အပေါ် တိုင်းရင်းသား အဖွဲ့များမှ ငြင်းဆန်မှုမရှိခဲ့သေးပေ။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် လက်တွေ့ အကောင်အထည်ဖေါ်ရာတွင် စေတနာမှန်ဖြင့် သဘောတူ သည့် အတိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ http://www.myanmar.com/newspaper/kyaymon/Aug20.pdf
ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် အစိုးရသည် ဤနည်းဖြင့် အပြောတမျိုး၊ အလုပ်တခြားနှင့် လိမ်လည်ပြီး လုပ်စား လာခဲ့သည်မှာ ပြည်တွင်းစစ် အနှစ် (၆၀) ခန့် ရှိလာခဲ့သော်လည်း ယနေ့အထိ မူမှန်၊ အဖြစ်မှန်၊ မေတ္တာမှန်နှင့် အကောင်အ ထည်ဖေါ်နေခြင်း မရှိသေးကြောင်း တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။