ဧရာဝတီ မြစ်အရှေ့ဖက်ခြမ်းမှ အနောက်ဖက်ခြမ်းသို့ ဖြတ်ကူးလာသည့် ကြွက်များ ဖျက်ဆီးမှုကြောင့် ကချင်ပြည်နယ် ဆင်ဘို မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများမှ ပြောင်းဖူး စိုက်ခင်း ဧက (၅၀) ခန့် ပျက်စီးဆုံးရှံုးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။
မြစ်အနောက်ဖက်ခြမ်းရှိ ဆင်ဘို၊ မြင်သာ၊ ရေနား၊ ပင်လုံ စသည့် ကျေးရွာတလျောက်သို့ လွန်ခဲ့သည့် (၆) ရက်ခန့်က စတင် ဖြတ်သန်းခဲ့ပြီး မြစ်တလျောက် စိုက်ပျိုးထားသည့် ပြောင်းခင်းများ ပျက်စီးသွားကြောင်း ဆင်ဘို မြို့ခံတဦးက အခုလို ပြောသည်။
“မနေ့က ညနေပိုင်းမှာတော့ ပြောင်းခင်းတွေကို စပြီး ဖျက်ဆီးလာတယ်။ ပြောင်းခင်းကို စပြီးဖျက်ဆီးတာက ကျနော်တို့ မြို့နယ်ခွဲ တခုလုံးရဲ့ အနေအထားနဲ့ဆိုရင် ဧက (၅၀) အနည်းဆုံးလို့ ခန့်မှန်းရတယ်ဗျ။”
ဒေသခံများက မိုးသီးနှံအဖြစ် မြစ်ကြောင်းတလျောက် ပြောင်းစိုက်ပျိုးလေ့ရှိပြီး ပြောင်းခင်းအရှည် (၅) မိုင်ခန့် ရှိ၍ ညအချိန်များတွင် အုပ်စုလိုက် ဖြတ်ကူးခြင်း ဖြစ်သည်။ ကူးလာသည့် ကြွက်များနှင့် ပြောင်းခင်းဖျက်ဆီးနေသည့် ကြွက်များအား ဒေသခံများက လိုက်လံ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သောက်သုံးရေအဖြစ် ဧရာဝတီ မြစ်ရေကို အသုံးပြုနေသဖြင့် ကြွက်သေ များအား မြစ်အတွင်း မစွန့်ပြစ်ရန်နှင့် မီးရှို့ မြေမြုတ်ပြစ်ရန် အာဏာပိုင်များက အမိန့် ထုတ်ထားပြီး ယမန်နေ့ညက စတင်၍ ထပ်မံ ဖြတ်ကူးမှု မရှိတော့ကြောင်း သိရသည်။
လောလောဆယ် ပြောင်းခင်းများသာ ပျက်စီးသွားပြီး စပါးခင်းများ ပျက်စီးမှု ရှိမရှိကိုမူ မသိနိုင်သေးကြောင်း “စပါးတွေ ဘာတွေ ကျတော့ မြို့ရဲ့ အနာက်ဖက် ဧရာဝတီမြစ်ရဲ့ (၁၀) မိုင်လောက် ဝေးတဲ့ ပတ်ဝန်းကျင်မှာ ရှိတာဆိုတော့ အဲဒီဖက်ကိုတော့ ကြွက်တွေက လောလောဆယ် မရောက်သေးတဲ့ သဘောပေ့ါလေ။” ဟု ဆင်ဘို ဒေသခံက ပြောသည်။
မြစ်ကြောင်းတလျောက် ဖြတ်ကူးခြင်းဖြစ်၍ အချို့နေရာများတွင် (၂၀) ကျပ်သားခန့် အထိ ကြီးသည့် ကြွက်များပါ၀င်သလို သာမာန် အိမ်ကြွက် အရွယ်အများစု ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယင်းကိစ္စ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက အတည်ပြုပြောဆိုုလိုက်ပြီး အချို့နေရာများတွင် (၅၀) သားခန့် အရွယ်များ ပါ၀င်ကြောင်းနှင့် “ထူးခြားချက်က အမွေးက ၀မ်းပိုက်မှာကျတော့ အဖြူရောင်နဲ့ ကျောကုန်းဖက်ကျတော့ အမဲမဟုတ်ဖူးတဲ့။ မွဲခြောက်ခြောက် အရောင်ပေ့ါနော်။” ဟု ပြောဆိုသည်။
ထို့အပြင် ပျက်စီးသွားသည့် ပြောင်းခင်းများနှင့် ပတ်သက်သည့် ကိစ္စများအား စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီးက တာဝန်ယူ ဆောင်ရွက်သွားရန် အစီအစဉ်ရှိသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
နှစ်ပေါင်း (၅၀) ခန့်လျင် တကြိမ် ၀ါးအပွင့်ပွင့်လေ့ရှိပြီး ထိုအချိန်မျိုးတွင် ကြွက်ပိုများ လာတတ်သည်ဟု ဒေသခံ တိုင်းရင်းသား အသက်ကြီးရွယ်အိုများက အယူရှိကြ သော်လည်း ဒေါ်ဘောက်ဂျာက သိပ္ပံနည်းအရ သူမ၏အမြင်အား အခုလို ပြောဆိုသည်။
“ကျမတို့ သိပ္ပံနည်းကျကျပြောမယ်ဆိုရင် ဒီဝါးပင်က ထွက်တဲ့ (ပိုလန်)က ၀တ်မှုန်က ကြွက်တွေကို မိတ်လိုက်ဖို့ လှုံ့ဆော်တဲ့သဘောပေ့ါနော်။ အဲလိုဆိုလို့ရှိရင် မိတ်လိုက်တာ များတဲ့ အခါကျတော့ သားပေါက်နှုန်း များတယ်လေ။ ဒီတော့ အစားအသောက် နည်းတဲ့ ဖက်ကနေ များတဲ့ ဖက်ကို သူသွားမှာပေ့ါလေ။”
လွန်ခဲ့သည့် ၁၉၇၇ ခုနှစ်က ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်သောင်းကျန်းမှု ဖြစ်ပွား ခဲ့ပြီး ဒေသခံများ အစာရေစာ ငတ်မွတ်ခေါင်းပါးသည့် ဖြစ်ရပ်များ ရှိခဲ့သလို ကွယ်လွန်သူ များအတွက် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားကြောင်း သိရသည်