ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား

ကျောက်တော်တွင် ဖွင့်လှစ်မည့် ALP ဆက်ဆံရေးရုံး အစိုးရဘက်မှ ဆိုင်းငံ့ထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်ထားသည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ ဆက်ဆံရေးရုံးကို အစိုးရဘက်မှ ဆိုင်းငံ့ထားသဖြင့် မဖွင့်လှစ်နိုင်ဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။

ကျောက်တော် ဆိပ်ကမ်း တစ်နေရာ။

ကျောက်တော် ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် သဘောတူညီမူ ရရှိထားပြီ ဖြစ်သော်လည်း ပြည်တွင်းမငြိမ်သက်မှု များကြောင့် အစိုးရဘက်မှ ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု  ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး (၂) ခိုင်သုခက နိရဥ္စရာသို့ ပြောသည်။

“၁၄၄ ပုဒ်မထုတ်ထားတာက တစ်ကြောင်း၊ ဒေသအတွင်း ဘင်္ဂလီ မူဆလင်တွေနဲ့ ရခိုင်တွေအကြားတင်းမာမှု တွေ ဖြစ်နေတာက တစ်ကြောင်း၊ ခုလို ဒေသအတွင်း မငြိမ်သက်မှု ဖြစ်နေတာတွေကြောင်း  ကျောက်တော်မှာ ဆက်ဆံရေး ရုံးဖွင့်မှာကို  ခေတ္တ ဆိုင်းထားပေးဖို့ အစိုးရဘက်က Request လုပ်လာတဲ့ အတွက်  ဆက်ရေးရုံး ဖွင့်ဖို့ကိစ္စ ကြန့်ကြာနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်သဖြင့် ကျောက်တော်မြို့တွင် ALP ဆက်ဆံရေးရုံးကို မကြာမှီ ဖွင့်လှစ် သွားနိုင်မည်ဟု မျှော်လင့်ကြောင်း  ခိုင်သုခက ပြောသည်။

“ ကျွန်တော်တို့ ဘက်က ရုံးဖွင့်ဖို့အတွက် အားလုံးအဆင်သင့် ဖြစ်နေပါပြီ။ ရုံးအဖွဲ့ဝင်တွေကိုလည်း စေလွှတ် ထား ပြီးပြီ။ ရခိုင်ပြည်နယ် အခြေအနေတည်ငြိမ်လို့ အစိုးရဘက်က ကမ်းလှမ်းလာတာနဲ့ ကျွန်တော်တို့ ကျောက်တော် မြို့မှာ ALP ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည် ဖြစ်ပြီး တခြားမြို့များဖြစ်သည့် စစ်တွေ၊ ရန်ကုန်၊ မြဝတီ၊ မောင်တော၊ ပလက်ဝ စသည့်မြို့နယ် များတွင် ဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီသည် ရခိုင် ပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်၅ ချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်  ဧပြီလ ၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်များမှာ  ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်နှင့် မြန်မာတပ်မတော်ကြား ပစ်ခတ်မှှုကို ရပ်တန့်ရန်၊ နှစ် ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ ပစ်ခတ်မှု ရပ်ဆိုင်းသော ကာလအတွင်း နှစ်ဘက် သဘောတူညီထားသော နယ်မြေများအပ နယ်မြေကျော်လွန်ပြီး လက်နက် ကိုင်ဆောင် သွားလာမှုကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲ ထားစဉ် အတွင်း ရခိုင်ပြည် လွတ် မြောက်ရေးပါတီ အဖွဲ့ဝင်များကို မြန်မာတနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နှင့် ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွား ကြရန် တို့ဖြစ်ကြသည်။

များမကြာမီက ရခိုင်ပြည်နယ် လွှတ်မြောက်ရေး  တပ်မတော်အား နည်းခြား စောင့်တပ်ဖွဲ့ရန် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်မင်းမှ ပြောကြားချက်ကို နယ်ခြား စောင့်တပ်ဖွဲ့ရန် ပါတီတွင် မူမရှိဟု ဆိုကာ ALP က ပယ်ချခဲ့သည်။

Most read this week