မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား

မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား
by -
မဇ္စျိမ

“ဆင်းရဲသားများကို မိုဘိုင်းဖုန်းများ အခမဲ့ပေးမည်” ဆိုတဲ့ သတင်းခေါင်းစဉ် တခုကို ဂျာနယ် တစောင်မှာ ခုတလော ဖတ်လိုက်ရပါတယ်။ ပေးမယ့် နေရာကတော့ “အိန္ဒိယ… အိန္ဒိယနိုင်ငံမှာပါ”

အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲမှု လျှော့ချဖို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာဖြစ်တဲ့ မိုဘိုင်းဖုန်းတွေကို ဝင်ငွေနည်း မိသားစုတွေကို ပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ပြီးတော့ ဆင်းရဲမှုကနေ လွတ်မြောက်နိုင်စေဖို့ပါ။

မိုဘိုင်းဖုန်း ဆင်းမ်ကတ်၊ ဟန်းဆက်နဲ့ အတူ မိနစ် ၂ဝဝ ကြာ အခမဲ့ ဖုန်းပြောခွင့်ပါ ရရှိစေဖို့ လုပ်ဆောင် ပေးမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အခုလို အစီအစဉ်ကို အတိုက်အခံပြော ဝေဖန်တဲ့ သူတွေလည်း ရှိပါတယ်။ ဆင်းရဲသားတွေကို မိုဘိုင်းဖုန်း ပေးမယ့်အစား ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ သုံးစွဲဖို့ ဝေဖန်အကြံပြုတာ တွေလည်း ဖတ်လိုက်ရပါ တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံဆိုတော့ အကောင်အထည် ဖော်မယ့် အစီအစဉ်တခုကို အဆိုးအကောင်း ဝိုင်းဝန်း ဝေဖန် တာတွေတော့ ရှိစမြဲပါ။

ကျနော်တို့နိုင်ငံမှာလည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ် တွေကို တခု ငါးသိန်းနဲ့ အစိုးရ ဆက်သွယ်ရေး ဌာနကနေ ရောင်းနေ တဲ့အချိန်မှာ ဆင်းမ်ကတ် တခုကို ကျပ် ငါးထောင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုက ရောင်းချပေးဖို့ အစီအစဉ်ကိုတောင်မှ ဆက်သွယ်ရေးဌာနက ခွင့်ပြုဖို့ မဖြစ်နိုင်သေးပါဘူး၊ ကျနော်တို့လည်း ဆင်းမ်ကတ် စျေးတွေကို တဖြည်းဖြည်းနဲ့ လျှော့ချ ပေးဖို့ အစီအစဉ် ရှိပါတယ်လို့ ဆိုခဲ့သေးပါတယ်။

အခုအချိန်အထိမှာတော့ GSM ဆင်းမ်ကတ်တခုကို ကျပ် နှစ်သိန်းနဲ့ ရောင်းနေချိန်မှာ ကျပ် တသိန်း ဒါမှမဟုတ် CDMA မိုဘိုင်းတွေ ကို ကျပ် ရှစ်သောင်းနဲ့ မကြာမီ ရောင်းချပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်အထိ မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေက မဖြစ်နိုင်သေးပါဘူးလို့ ငြင်းနေတုန်းပါ။

ဒါနဲ့ ခုန အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ သဘောထားကို ပြန်ပြီး ကောက်ချက် ချကြည့်ရအောင်ပါ။

အိန္ဒိယ ဝန်ကြီးချုပ်ရုံးရဲ့ သဘောထားကတော့ “မိုဘိုင်းဖုန်း ဆိုတဲ့ အီလက်ထနောနစ် ဆက်သွယ်ရေး ကိရိယာဟာ အလုပ်လက်မဲ့တွေကို အလုပ်ရှာဖွေရာမှာ အထောက်အကူ ပြုစေဖို့ပါ” လို့ ဆိုပါတယ်။

အဓိပ္ပါယ်ကတော့ အလုပ်လက်မဲ့ တဦးဟာ ဆက်သွယ်ရေး ကိရိယာ ဖြစ်တဲ့ မိုဘိုင်းဖုန်း မရှိတဲ့အတွက် အလုပ်ရှာဖို့ အခက်အခဲတွေ့နေကြတာကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်းကို အခမဲ့ပေးဖို့ စဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းမရှိတဲ့အခါ အလုပ်ရှာဖို့ ခက်ခဲသလို၊ အလုပ်မရှိတဲ့အတွက် ဖုန်းမဝယ်နိုင်တဲ့ ဝိုင်းကြီးပတ်ပတ် အခက်အခဲကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်း ရှိဖို့ အရင်းဦးဆုံး လိုအပ်တယ်လို့ ဆိုပါတယ်။

ဒီအယူအဆကို ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် စဉ်းစားမယ်ဆိုရင် အတော်လေးပဲ နီးစပ်ပါတယ်။ အလုပ်ကြမ်း ဝင်ငွေနည်း အလုပ်တွေနဲ့ နီးစပ်ရာ အလုပ်အကိုင် ရှာကြတဲ့ အခြေအနေတွေက လွဲရင်ပေါ့လေ။

ကျနော်တို့ နိုင်ငံမှာလည်း အထူးသဖြင့် ဘွဲ့ရ အလုပ်လက်မဲ့တွေအတွက် အလုပ်ရှာတဲ့ အခါ ကိုယ်ရေးရာဇဝင်နဲ့ အလုပ်လျှောက်လွှာကို တင်ထားရတဲ့အခါ အလုပ်ရှင်က ပြန်ပြီးဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် တခုခုကို ပေးထားရ ပါတယ်။ ကိုယ်ပိုင်ဖုန်း မရှိရင်တောင်မှ အိမ်နီးနားချင်း တယောက်ယောက်ရဲ့ ဖုန်းနံပတ်တော့ အနည်းဆုံး ပေးထားရ ပါတယ်။

ကျနော်နေတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ ဖုန်းမရှိရင် အစားထိုးပေးဖို့ အိမ်နီးချင်း ဖုန်းနံပါတ် ပေးဖို့လည်း မလွယ်လှပါဘူး။ တချို့ရပ်ကွက်တွေမှာတော့ မုန့်ပဲ သွားရေစာ ရောင်းတဲ့ စျေးဆိုင်ရှင် အိမ်တွေမှာ ဖုန်းတွေ ရှိတတ် ပါတယ်။ တချို့လည်း ဆိုင်ရှင်တွေကို တောင်းတောင်းပန်ပန်နဲ့ အလုပ်ကိစ္စ ဖုန်းလာရင် ခေါ်ပေးဖို့ မှာထားရတာတွေ လည်း ရှိပါတယ်။

သဘောကောင်းတဲ့ ဖုန်းပိုင်ရှင် စျေးရောင်းသူတွေကလည်း အလုပ်များနေတဲ့ကြားထဲ ခပ်လှမ်းလှမ်းအိမ်က လူတယောက်ကို ခေါ်ပေးတာတွေလည်း ရှိပါတယ်။ ဒါတောင်မှ ဖုန်းလာတဲ့အချိန်မှာ ကိုယ်က ရှိမနေရင် အခက်တွေ့တတ်ပါတယ်။

ကျနော်တို့ ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် အခုလို အခြေအနေတွေ ရှိနေတာဆိုတော့ တခြား နယ်မြို့တွေက အခြေအနေကို ပိုပြီးတော့တောင် ကိုယ်ချင်းစာမိပါတယ်ဗျာ။

အလုပ်ရှင်တွေကလည်း အလုပ်တနေရာစာအတွက် အလုပ်လျှောက်သူတွေ များပြားနေတဲ့အထဲမှာ ဆက်သွယ်ရ ခက်တဲ့၊ ပေးစရာ ဖုန်းနံပါတ် တခုတောင် မရှိတဲ့ အလုပ်လျှောက်သူတွေကို ခက်ခက်ခဲခဲ ဆက်သွယ်ဖို့ စိတ်ဝင်စားကြတဲ့ ပုံ မပေါ်ကြပါဘူး။

အကြမ်းဖျင်း ပြောရရင်တော့ အလုပ်ရှင်တွေအနေနဲ့လည်း ဖုန်းမရှိတဲ့ အလုပ် လျှောက်ထားသူတွေကို ထည့်မစဉ်းစား ဘူးဆိုတဲ့ ပေါ်လစီ အယူအဆ တရားဝင် ချမှတ်ထားတာ မဟုတ်ရင်တောင်မှ လက်တွေ့မှာ တကယ် ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ ဖုန်းတလုံးမှ မရှိရင် အလုပ်အကိုင် ကောင်းတခု ရဖို့ ဆိုတာ အိမ်မက် ဆန်တယ်လို့ပဲ ပြောရမလိုဖြစ်နေတာပါ။

အခု ကျနော်တို့ နိုင်ငံမှာ အိန္ဒိယနိုင်ငံ အစိုးရဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေလို ဝင်ငွေနည်း မိသားစုတွေ အတွက် မိုဘိုင်းဖုန်း တလုံးစီ အခမဲ့ ပေးဖို့ အစီအစဉ် မရှိရင်တောင်မှ မိုဘိုင်း ဆင်းမ်ကတ်တွေကို အိမ်နီးချင်းနိုင်ငံ တွေမှာလိုပဲ သင့်တင့်မျှတ တဲ့ စျေးနဲ့ ရောင်းပေးမယ် ဆိုရင်တောင် အများကြီး ကျေးဇူးတင်ရမှာပါ။

“အခုလောလောဆယ် မဖြစ်နိုင်သေးပါဘူး” ဆိုတဲ့ စကားနဲ့ ကျနော်တို့ ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ။ အဲဒီအချိန် အထိ ပုံမှန်အလုပ်အကိုင်မရှိတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက်ရော ကျနော်တို့ အစိုးရ ဝန်ကြီးဌာနက ပညာရှင်ကြီးတွေ စဉ်းစားနေကြပြီလား။ ကျနော်တို့လည်း ဘယ်အချိန်ထိ အားတင်းပြီး စောင့်နေနိုင်ဦးမှာလဲ။ တခုခုတော့ လွဲနေတုန်းပဲလား လို့ပါ။

အခုအချိန်ထိ “မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား” ဆိုတဲ့ မေးခွန်းအပေါ်မှာ အဖြေထုတ်ဖို့ ငြင်းခုံဆွေးနွေးနေသေးသလားဆိုတာ သိခွင့်လေးတော့ ရချင်တယ်ဗျာ။ ဆွေးနွေး စဉ်းစားနေတယ် ဆိုရင်တောင်မှ ဝမ်းသာရမှာပါ။   ။

Most read this week