အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံုးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အလိုအလျောက် နှုတ်ထွက်ပေးကြရန်ကို လက်မခံသည့်အတွက် လွှတ်တော်တွင် ခုံရုံုးအဖွဲ့ဝင်များကို စွဲချက်တင်မှုများ မကြာမီ မြင်တွေ့ရဖွယ် ရှိသည်။
ခုံရုံုးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၎င်းတို့မှာ စွပ်စွဲပြစ်တင်နိုင်သည့် အချက်များ ကျူးလွန်မှု မရှိကြောင်းနှင့် ဖွဲ့စည်းပုံဥပဒေပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု နေပြည်တော်တွင် တနင်္လာနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ခုံရုံုး ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ၎င်းတို့ ရုံးခန်းတွင် ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - MJA)
ထိုခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းနှင့် ပေးအပ်ထားသော တာဝန် များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့ကြောင့် ၎င်းတို့အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ သြဂုတ်လ ၈ ရက်နေ့က ဦးရွှေမန်းထံ တင်ပြထားကြခြင်း ဖြစ်သည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်ရန် သင့်/မသင့် ဆိုသော အငြင်းပွားမှုမှသည် တင်းမာမှု ပြင်းထန်လာခဲ့ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ဦးရွှေမန်း က တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုမှုနှင့် ပတ်သက်၍ အမတ်ဦးရေ ၄၄၀ ရှိသော အောက်လွှတ်တော်မှ အမတ် ၃၀၁ ဦးက လက်မှတ်ရေးထိုးကာ ပြစ်တင်စွပ်စွဲမှုပြုရန် နှစ်ကြိမ်မြောက် တင်ပြလာခြင်းကြောင့် “စွတ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြား နည်းလမ်း တခုခု” ကြိုးပမ်းမှုဖြစ်သည်ဟု ဦးရွှေမန်းက လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့သည်။
အလိုအလျောက် ၂၅ ရာခိုင်နှုန်း ခွဲတမ်းရ တပ်မတော်သား အမတ်အများစု သော်လည်းကောင်း၊ အားလုံးသော် လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုဟု ယုံကြည်ရသည်။
သို့သော် အာဏာရပါတီ ကြံ့ခိုင်ဖွ့ံဖြိုးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် အတိုက်အခံပါတီများမှ အမတ်များမှာ လက်မှတ် ရေးထိုးသည့်အထဲ ပါဝင်ကြသည်။
“ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုတဲ့ အယူအဆမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တွေနဲ့ NLD အမတ်တွေ သဘောထား တူညီကြပါတယ်” ဟု လက်မှတ်ရေးထိုးရာတွင် ပါဝင်သူ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင် က ဆိုသည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် ပေးလျှင် ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးရာ ကိစ္စရပ်များကို အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ အခြေခံဥပဒေခုံရုံုး၏ ဆုံးဖြတ်ချက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ဗါယ်ဖွင့်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” ဟူ၍ ပါရှိသည်။
အခြေခံဥပဒေခုံရုံုးတွင် ပါဝင်သောသူများကို သမ္မတနှင့် လွှတ်တော်နှစ်ရပ်လုံးမှ ဥက္ကဋ္ဌ နှစ်ဦးလုံးက ရွေးချယ်ခြင်းဖြစ်ပြီးပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။ ခုံရုံး၏ သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။
သမ္မတက အခြေခံဥပဒေဆိုင်ရာ ခုံရုံုး၏ ဆုံးဖြတ်ချက်သည် “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်း တာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း” ဟုဆိုကာ အပြီးအပြတ် အတည်ဖြစ်ကြောင်းနှင့် ခုံရုံး တဖွဲ့လုံးကို အနားယူခိုင်းစေဖို့ တောင်းဆိုချက်ကိုလည်း “တရားမျှတမှုလည်း ရှိနိုင်မည်မဟုတ်ပါ” ဟု ပယ်ချကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။
သို့သော် အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲ လိုအပ်သည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်မှု/ မသတ်မှတ်မှုမှ စတင်သော အငြင်းပွားမှုကိုအောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် သမ္မတတို့၏ အားပြိုင်မှုတခုဟု လေ့လာသူများက ရှု့မြင်ကြသည်။