တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါ၀င်သင့်

တခြား ဘာသာရေး ခေါင်းဆောင်များ နည်းတူ ဗုဒ္ဓဘာသာ ရဟန်းခေါင်းဆောင်များလည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တွင် ပါ၀င်သင့်
by -
နိရဥ္စရာ

သြဂတ်စ်လ (၁၇) ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်အမိန့်ဖြင့် ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခအား စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနည်းတူ ဗုဒ္ဓဘာ ခေါင်းဆောင် ရဟန်းတော်များလည်း ပါ၀င် သင့်သည် ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။
ဦးအေးသာအောင်အား နိရဥ္စရာမှ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် ပတ် သက်ပြီး မေးမြန်းစဉ် သူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဒီစုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ၊ ခရစ်ယာန် ခေါင်းဆောင်တွေ၊ ဟိန္ဒီ ဘာသာက ခေါင်းဆောင်တွေကို ထည့်ရင် ဗုဒ္ဓဘာသာ ရဟန်း ခေါင်းဆောင် တွေကိုလည်း ထည့်သင့်တယ်။ ဘာသာ ၃ ခုက ခေါင်းဆောင်တွေပါ၀င်ပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကျတော့ ဘေးဖယ် ထားတယ် ဆိုရင်တော့ နည်းနည်းတော့ သဘာဝ မကျဘူးလို့ ထင်တယ်” ဟု ပြောသည်။

ယခု ဖွဲ့လိုက်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တွင် ဗုဒ္ဓဘာသာမှ အပ တခြား ဘာသာရေး ခေါင်းဆောင် အများအပြား အဖွဲ့ဝင်အဖြစ် ပါ၀င်နေရာ ၎င်းတို့မှာ သိက္ခာတော်ရ  ဆရာတော် ဦးကျော်ညွှန့် ဂျပ်ဆင်ဘုရားကျောင်း ရန်ကုန်မြို့၊ သိက္ခာတော်ရ ဆရာတော် ဦးစောဝေကြီး အတွင်းရေးမှူး၊ မြန်မာဘက် (ပ်) တစ်(စ်) ကွန်ဗင်းရှင်း၊ ဟာဂျီ ဦးညွန့်မောင်သျှိ ဥက္ကဌ၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်၊  ဟာဂျီ ဦးတင်မောင်သန်း အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီချုပ်၊ ဟာဂျီ ဦးလှဝင်း ဥက္ကဌ၊ မြန်မာမူဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ် (မအဖ) ဌာနချုပ်၊ ဦးကျော်ခင် အထွေထွေအတွင်းရေးမှူး၊ မြန်မာမူဆလင် အမျိုးသားရေး ရာ အဖွဲ့ချုပ်၊ ဟာဂျီ ဦးမြင့်ထွန်း ဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ ဦးလှဝင်း အတွင်းရေးမှူး၊ မြန်မာမူဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်နှင့် ဒေါက်တာ လှထွန်း အကျိုးတော်ဆောင် ၊ သနန္တရဓမ္မပါလက (ဟိန္ဒူအဖွဲ့ချုပ်) တို့ ဖြစ်ကြသည်။

၎င်းပြင် ယမန်နေ့ပြုလုပ်သည့် ပထမအကြိမ် ကော်မရှင် အစည်းအဝေးနှင့် ပတ်သက်ပြီးလည်း ဦးအေးသာက ပြောပြရာတွင် စစ်ဆေးမည့် အချိန်ကို တစ်လကနေ သုံးလထိ တိုးမြှင့်လိုက်သည်ဟု ဆိုသည်။

“စုံစမ်းစစ်ဆေးရေးအချိန်ကို ဒီနေ့သုံးလဆိုပြီး ပြန်ပြင်လိုက်ပါတယ်။ ဒီထက်လိုအပ်ရင်လည်း တိုး သွား ဖို့အစီ အစဉ်ရှိပါတယ်။”

အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စက်မှုလက်မှုဝန်ကြီးဌာနပိုင် ခန်းမတခုတွင် ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ကော်မရှင်အဖွဲ့ဝင် ၂၀ ကျော်တက်ရောက်ခဲ့ပြီး မိတ်ဆက် သ ဘော တွေ့ဆုံခြင်းဖြစ်ကာ ကော်မီတီဝင်တချို့မှာ ခရီးလွန်နေသည့်အတွက် မတက်ရောက်နိုင်ခဲ့ ဟု ဆိုသည်။

အစည်းအဝေး တက်ရောက်လာသာများကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ဖွဲ့စည်းလိုက်ကြောင်း ဦးအေး သာ အောင်က ဆက်ပြောသည်။

“ အစည်းအဝေးမှာ ပထမဆုံး မိတ်ဆက်ကြတယ်။ တက်ရောက်လာတဲ့သူတွေကို လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ ခွဲလိုက် ပါတယ်။ အတိအကျ ဆွေးနွေးတာတွေ မရှိသေးဘူး။ လာမယ့်အင်္ဂါနေ့မှာ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့တွေ့ဖို့ရှိတယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

နယ်စပ်ရေးရာ ၀န်ကြီး ဦးသိန်းဌေးနှင့်တွေ့စုံသည့်အခါ ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်သို့ မည် သည့်နေ့ရက်တွင် သွားရောက်သင့်သည်ကို တင်ပြပြီးမှ ခရီးစဉ်အတွက် အစိုးရမှ စီစဉ်ပေး မည်ဖြစ် ကြောင်း သိရသည်။

ဦးအေးသာအောင်မှာ ယခုဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ် ဆေးရေး ကော်မီတီတွင် တခြား ရခိုင်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာ အေးမောင်နှင့် အတူ အဖွဲ့ဝင် အဖြစ် ပါ၀င် သည်။

လွန်ခဲ့သည့် သောကြာနေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မီတီမှ တွေ့ရှိချက်များကို သမ္မတထံသို့တိုက်ရိုက် တင်ပြရ မည်ဟု ဖော်ပြထားသော်လည်း ယနေ့  (သြဂတစ်)လ ၂၀ ရက်နေ့ ထုတ်ပြန်သည့် သမ္မတရုံးကြေငြာ ချက် တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ အရောက် သမ္မတထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရန် အချိန် လုံလောက်မှုမရှိသည့် အတွက် ယခုကဲ့သို့ အချိန်ကို (၃)လထိ တိုး လိုက်ခြင်း ဖြစ်သည်။

Most read this week