ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်
by -
မဇ္ဈိမ

ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

Flooding-in-Irrawaddy-Region-3

အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍နေထိုင်နေကြရသည်။

ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာ များရှိ ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင်နေကြရသည်။

"သူပြောင်းချင်တဲ့နေရာ ပြောင်း၊ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းပေါ့။ ကားလမ်းဘေး ရေလွတ်ရာမှာ လည်း တဲလေးတွေ ထိုးပြီးတော့ နေကြရပါတယ်။ သူတို့ကလည်း နေလို့ရသလောက် ကပ်နေကြတယ်။ အခု ပြောင်းတာက မလွဲသာလို့ ပြောင်းရတာ။ အဲဒီအခြေအနေကျမှ ပြောင်းကြတာ။" ဟု ဘုရားနီး ကျေးရွာ စာရေးဖြစ်သူ ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

မြေပြင်မှ အိမ်ခေါင်မိုးအထိ ပေ ၂၀ အမြင့်ရှိသည့် အိမ်များမှာ အိမ်ခေါင်မိုးသာ မြင်ရတော့ပြီး ယခုရေကြီးမှု သည် ရှစ်နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟုလည်း ရွာလူကြီးတဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်က ပြောသည်။

"ဒီလိုမျိုးကြီးတဲ့ရေ ၂၀၀၄ ခုနှစ်ပဲ ကြံုဖူးပါတယ်။ အဲဒီတုန်းက ဒီထက် နည်းနည်းပိုတယ်  အဲဒီတုန်းကလည်း အခုလိုပဲ နေခဲ့ရပါတယ်။" ဟု ဘုန်းတော်ကြီးကျောင်း  ယာယီတည်းခိုစခန်းတွင် ရောက်ရှိနေသူ ဦးမြစိုးက ပြောသည်။

ဒေသခံများမှာ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေပြီး စားစရာ ဆန် အခက်အခဲဖြစ်နေသည်။ ဘုန်းတော်ကြီးလေးပါးကျောင်းထိုင်သည့် ထိုရွာတွင် ဘုန်းကြီးများအတွက် ဆွမ်းအခက်အခဲပင် ဖြစ်ခဲ့သည်ဟု ဦးမြစိုးက ပြောသည်။

"အဲဒီလိုဖြစ်နေတော့ အင်္ဂလိပ်လို ၆ ရက်နေ့က ဘုန်းကြီးတွေ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အနေအထားမျိုး ရောက်ခဲ့တယ်။" ဟု ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

အကူအညီများကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၉ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဘုန်းတော်ကြီး ကျောင်းနှင့် ယာယီဆေးပေးခန်းရှိ အိိမ်ထောင်စု ၁၅၈ စုအတွက် ဆန်တပြည်စီနှင့် ယမ်ယမ် ခေါက်ဆွဲခြောက် နှစ်ထုပ်စီသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သာပေါင်းမြို့နယ်တရားသူကြီး ဒေါ်စမ်းစမ်းဝင်းမှလည်း ယခုလ ၁၆ ရက်နေ့တွင် အိမ်ထောင်စု ၈၆ စုအတွက် ဆန်တပြည်ကျစီ ပံ့ပိုးပေးခဲ့သည်။

ဒေသခံများအတွက် စားစရာ ဆန်အခက်အခဲအပြင် ချက်ပြုတ်ရာတွင် သုံးသည့် ထင်းမှာလည်း ရေကြီးနေခြင်း ကြောင့် ရှားပါးနေသည့် ပြဿနာ ရှိနေသည်ဟု ရွာလူကြီးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။

"အခုကတော့ အိမ်က ဝါးတွေချိုးပြီး မီးကင် ကြပ်တိုက်ပြီးတော့ အခြောက်ခံပြီး ချက်ရပါတယ်။ ညက ၁၁ နာရီလောက်မှ ချက်စားရတဲ့လူတွေလည်း ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ထင်းမရှိလို့။" ဟု မဇ္ဈိမကိုပြော သည်။

သာပေါင်းမြို့နယ်အတွင်းရှိ နွယ်နီချောင်း၊ အုတ်ရှစ်၊ လင်းတကျ၊ အလယ်ကျွန်း၊ လှေကြီးပျက်၊ ကြက်သွန်ကွင်း၊ သမင်ကုန်း၊ စစ်ပင်ကြီး၊ ကညင်ပင်၊ မကျည်းကုန်း၊ ရေလဲကြီး၊ သပြေကျွန်း၊ တကူပုံ စသည့်ရွာပေါင်း ၄၀ ကျော် သည်လည်း ယခုလ ၈ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်လျက်ရှိသည်။

ဧရာဝတီတိုင်းအတွင်း ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ပန်းတနော်၊ ပုသိမ်မြို့နယ်များတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။