ရွှေတူးခွင့် မပြေလည်သေးသည့် မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများ၏ အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ကြားဝင် ညှိနှိုင်းဖြေရှင်းပေးရန် ILO နည်းပညာ အရာရှိ ရော့စ်ဝီလ်စန် က ကတိပေးခဲ့ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် ကိုနေထက်အောင် က ပြောသည်။
ကုမ္ပဏီနှင့် ရွှေလုပ်သားများ နှစ်ဘက် သဘောတူ ‘ရွှေမြင်တင်’ စာချုပ်အတိုင်း ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာ သည့်အတွက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ဒေသမှ ရွှေလုပ်သားများ နစ်နာနေရသည်နှင့် ပတ်သက်၍ ရွှေလုပ်သား ကိုယ်စားလှယ် ခြောက်ဦး သောကြာနေ့ နံနက်က ILO ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံတင်ပြစဉ် ILO က ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ရွှေမြင်တင်မှာ စာချုပ် ချုပ်ခဲ့တဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌရယ်၊ ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရယ်၊ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ရယ်၊ မန္တလေးတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရယ်ကို စာရေး အကြောင်းကြား လိုက်ပါ့မယ်လို့ ကျနော် တို့ကို ကတိပေးခဲ့ပါတယ်” ဟု ကိုနေထက်အောင် က ပြောသည်။
ရွှေလုပ်သားများ အဖွဲ့အစည်းအနေနှင့် ILO ၏ ကတိပေးချက်ကို ရလဒ်ကောင်းတခု အဖြစ် ရှုမြင်သော်လည်း ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးစေလိုကြောင်း ပြောသည်။
မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ သဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက်တွင် “အင်း အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက်များ ကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါဝင်သော်လည်း ကုမ္ပဏီဘက်မှ အပြည့်အဝ လိုက်နာခြင်း မရှိသေးကြောင်း ရွှေလုပ်သားများဘက်မှ
ပြောသည်။
“လျော်ကြေးပေးတယ် ဆိုတာက ပြည့်စုံတဲ့ အတိုင်းအတာ တခုထိ မရောက်သေး ပါဘူးခင်ဗျာ။ လျော်ကြေးက အနည်းအကျဉ်းလောက်ပဲ ရပါသေးတယ်။ အယောက် ၂ဝ ကျော်လောက် ကျန်ပါသေးတယ်” ဟု ဇုန် ၈ မှ ရွှေလုပ်သား ကိုယ်စားလှယ် ကိုအောင်ကြီး က ပြောသည်။
ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကမူ အလုပ်သမားများအတွက် စာချုပ်ပါ သဘောတူချက် ၆ ချက်ကို ဖြည့်ဆည်းပေး ထားသည့်အပြင် စာချုပ်တွင် မပါရှိသည့် ပစ္စည်းများလည်း အလုပ်သမားများအတွက် ပံ့ပိုးပေးထားသည်ဟု ဆိုသည်။
“တောင်ပေါ်မှာဆိုရင် စာချုပ်မှာ မပါတဲ့ ပစ္စည်း ရ မျိုးကိုလည်း သူတို့တွေအတွက် ကျနော်တို့က လုပ်ပေးတယ်ခင်ဗျ။ ဒီဇယ်ဆီ၊ ဆန်၊ အယ်ဂျင်ဝိုင်၊ ဆားဆီ၊ ငါးပိ၊ ငါးခြောက်၊ ပဲ အဲဒီ ရ မျိုးကို သူတို့က ရိက္ခာပြတ်မှာ စိုးလို့ လိုချင်ရင် ကျနော်တို့ဆီမှာ လာယူပါ။ ပြီးတော့မှ ပြန်ပေးပါ ဆိုပြီးတော့ မိုးတွင်းမှာ လုပ်ပေးနေပါတယ်ခင်ဗျ” ဟု ဦးစိုးထွန်းရှိန် က ပြောသည်။
၎င်းပြင် ရွှေလုပ်သား ၁၃ ဦး မတရား ဖမ်းဆီးခံနေရသည်ဟု အလုပ်သမားဘက်က စွပ်စွဲပြောဆိုခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် သတ်မှတ် ဧရိယာ ပြင်ပတွင် လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
“ညဘက်မှာ ကျနော်တို့ရဲ့ ဧရိယာထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အင်းတွေလည်း မဟုတ်ဘဲနဲ့ လာပြီးတော့ ခိုးဝင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလူတွေကို ကျနော်တို့ ဖမ်းမိပါတယ်။ ၂၄ နာရီအတွင်းမှာ ရမည်းသင်း ရဲစခန်းကို အပ်လိုက်ပါတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ က ပြောသည်။
အလုပ်သမားများဘက်ကမူ မိမိလုပ်ကွက်အတွင်း ရွှေအင်း ဆင်းသည့် အလုပ်သမား ၁ဝ ဦးကို ရွှေဗြုန်း ခိုးမှုဖြင့် လည်းကောင်း၊ မှိုရှာ မျှစ်ချိုးသွားသည့် အလုပ်သမား ၃ ဦးကို ဓားကိုင်ဆောင်မှုဖြင့် လည်းကောင်း ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ ရွှေလုပ်သား အခွင့်အရေး တောင်းဆိုနေသူများသည် ရွှေလုပ်သား အစစ်အမှန်များ မဟုတ်ကြောင်း ကုမ္ပဏီဘက်က စွပ်စွဲလိုက်ပြီး ရွှေလုပ်သားများဘက်ကမူ မိမိတို့သည် ရွှေလုပ်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေအထောက်အထား ရှိသည်ဟု ဆိုသည်။
“ကျနော်တို့ကို ပြောနေတဲ့လူတွေက တကယ်တော့ အလုပ်သမား အစစ်တွေ မဟုတ်ဘူး။ နိုင်ငံရေးသမား ယောင်ယောင်၊ သောင်းကျန်းသူ ယောင်ယောင် အဲလို ဖြစ်နေတဲ့ လူတွေ” ဟု ဦးစိုးထွန်းရှိန် က ဆိုသည်။
ILO နှင့် တွေ့ဆုံခဲ့သည့် ကိုနေထက်အောင် ကမူ မိုးထိမိုးမိ တောင်ပေါ်ရှိ ဇုန် ၉၊ အက်တာနံပါတ် ၁ဝ၄၄ သည် ကုမ္ပဏီက တရားဝင် ထုတ်ပေးထားသည့် မိမိ၏ လိုင်စင်နံပါတ် ဖြစ်ပြီး “တကယ်သာ အလုပ်သမား မဟုတ်ရင် ကျနော်တို့လည်း ဒီကို လာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့က နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ နစ်နာဆုံးရှုံးမှုတွေကို တင်ပြနေတဲ့ စစ်မှန်တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်” ဟု ပြောသည်။
ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် ရွှေလုပ်သားများ အဖွဲ့အစည်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဗဟိုဦးစီးကော်မတီဝင် ၃ဝ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းကာ ရမည်းသင်းမြို့နယ် မှတ်ပုံတင် ဦးစီးဌာနသို့ သြဂုတ်လ ၁၄ ရက်နေ့က သွားရောက် လျှောက်ထားခဲ့ပြီး ဖြစ်သည်။
အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊ မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁ဝ၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်း ကျော်ကို ငါးနှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နုတ်ကတိ ပြုခဲ့သော်လည်း ရ လအကြာတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။