နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် (၄၅၀၀) ခန့် တရုတ်က မောင်းထုတ်

နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် (၄၅၀၀) ခန့် တရုတ်က မောင်းထုတ်
by -
ဇော်ကြီး

တရုတ်မြန်မာနယ်စပ် နောင်တောင်းဒေသရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်း(၆) ခုမှ ဒုက္ခသည် (၄၅၀၀) ခန့်ကို သြဂုတ်လကုန် အပြီး ပြောင်းရွှေ့ရန် တရုတ်ဒေသ အာဏာပိုင်များက တရားဝင်  ပြောဆိုလိုက်သည်။

ယန်လု၊ လော့ဖိုင့်၊ နားကောင်းကောင့်၊ ငါနောင်ပါ၊ လုံကောက်၊ ခါ့ဒေါင်းပါ စသည့် စခန်းများ အနက် တရုတ်နိုင်ငံ အတွင်းရောက်ရှိနေသည့် ယန်လုနှင့် လော့ဖိုင် စခန်း တာဝန်ခံများအား သြဂုတ်လ (၁၄) ရက်နေ့ နံနက်က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့မှ တာဝန်ရှိသူအချို့ အပါအဝင် တရုတ်ဒေသ အာဏာပိုင်များက လာရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မိုးတွင်းကာလ သွားလာရေး အခက်အခဲ ဖြစ်သည့်အပြင် စာသင်ကျောင်းများ ဖွင့်လှစ်ထားသဖြင့် လာမည့် ဆောင်းတွင်းကာလအထိ စောင့်ဆိုင်းပေးရန် ဒုက္ခသည်များဖက်က တင်ပြခဲ့သော်လည်း တရုတ်အာဏာပိုင်ဖက်က လက်မခံသည့်အတွက် ကျောင်းသူ၊ ကျောင်းသား (၁၀၀၀) ကျော်၏ ပညာရေး နစ်နာမှုဖြစ်ရကြောင်း ဓမ္မဆရာ ခွန်ထွန်းက အခုလို ပြောသည်။

“အခုကျနော်တို့ ကမ့်(၆)ခုက မူကြိုကျောင်းသားတွေက(၃၃၇)ဦးရှိတယ်။ သူငယ်တန်းကနေ လေးတန်း အထိက(၈၆၈)ယောက်ရှိတယ်။ အားလုံး တစ်ထောင်ကျော်ရှိတယ်။ မနှစ်ကလည်း စာကောင်းကောင်း မသင်ရဘူး။ အခုလည်း ပြောင်းရွှေ့ရမယ်ဆိုတော့ တချို့အေးချမ်းတဲ့ မြို့လိုနေရာတွေမှာ ကျောင်းသွား တက်ချင် ကြတယ်လေ။ အဲလို လူတွေအတွက် ကျောင်းထောက်ခံစာတို့ ကျောင်းထွက်လက်မှတ်တို့ လိုတယ်။ ဒီမှာက IDP စခန်းလည်း ဖြစ်နေတော့ ကျောင်းထွက်လက်မှတ် မပေးနိုင်ဘူး ဆိုတော့ ဒီနှစ်မှာ သူတို့ပညာရေးအတွက် တော်တော်လေးကို နစ်နာသွား နိုင်တယ်။” 

ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ တရုတ်အာဏာပိုင်များက KIA တပ်ဖွဲ့ ဒေသခံ အုပ်ချုပ်ရေးမှူး များမှတဆင့် ဖိအားပေး ပြောဆိုခဲ့ရာ KIA အရာရှိများက လူထုဆန္ဒအပေါ် မူတည်၍ ဆောင်ရွက် သင့်ကြောင်း တရုတ်အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တရုတ်ဖက်က လက်မခံခဲ့ကြောင်း သိရသည်။

လက်ရှိနေရာမှ (၁၆) မိုင်ခန့် ကွာဝေးသည့် KIA တပ်ဖွဲ့ ထိန်းချုပ်ရာ လနာ့ဇွပ် စခန်းသို့ ပြောင်းရွှေ့ရန် KIA ဖက်က စီစဉ်ထားသော်လည်း စခန်းတည်ဆောက်ရေး လုပ်ငန်းများ မပြီးပြတ်သေးသလို လောလောဆယ် ယင်းစခန်းရှိ သက်ကြီးရွယ်အိုများနှင့် လူမမယ် ကလေးငယ်များ ကျန်းမာရေး ချို့ယွင်းနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ယင်းစခန်းနှစ်ခုတွင် ၀မ်းပျက်၊ ၀မ်းလျောရာဂါဖြစ်ပွားခဲ့ပြီး ကလေးတဦး သေဆုံးခဲ့သလို အခြားစခန်းတခုဖြစ်သည့် ငါနောင်ပါစခန်းတွင်လည်း လူ(၆) ဦးခန့်  အသည်းရောင် အသားဝါ ရောဂါဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့သည့်အပေါ် ကူးစက်ရောဂါ ပြန့်ပွားလာမည့်အရေး တရုတ်အစိုးရ အာဏာပိုင်များက စိုးရိမ်မကင်းဖြစ်ခဲ့သည်။

ယင်းသို့ ဖြစ်ပွားပြီး တရုတ်အာဏာပိုင်များက ပြောင်းရွှေ့ရန် နှစ်ကြိမ်ခန့် လာရောက် ပြောဆိုခဲ့ရာ လော့ဖိုင့်နှင့် ယန်လုစခန်းမှ မိသားစု (၃၀) ခန့် အခြားနေရာတခုသို့ ထွက်ခွာသွားကြောင်း ဆရာခွန်ထွန်းက ပြောသည်။

“ယန်လုကမ့်က အိမ်ထောင်စု (၁၀) စုလောက်နဲ့ လော့ဖိုင့်ကမ့်က အိမ်ထောင်စု (၂၀) လောက်တော့ မန်ဝိန်းဖက်ကို ပြောင်းသွားတာရှိတယ်။ ပြီးတော့ တိုက်ပွဲတွေ မဖြစ်တဲ့ တောတွေထဲမှာ သွားခိုပြီး နေကြတာတွေရှိတယ်။ လောလောဆယ် သူတို့ ဘယ်အဖွဲ့အစည်းက၊ ဘာပစ္စည်းမှ အကူအညီ  မရကြဘူးလို့ သိရတယ်။”

တချိန်တည်းတွင် ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့ (KPN) မှ ဦးဆောင်၍ နာရေးကူညီမှု အသင်း (ရန်ကုန်)၊ ကလေးချစ်သူများ ကွန်ယက်၊ အဖြူရောင် တွဲလက်များအဖွဲ့တို့ အပါအဝင် ကုမုဒြာနှင့် မော်ဒန် ဂျာနယ် (၂) စောင်မှ သတင်းထောက်အဖွဲ့များ စုပေါင်း၍ တရုတ်မြန်မာ နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည်များ၏ လိုအပ်မှုများကို လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့က KIO ဌာနချုပ် လိုင်ဇာမြို့သို့ ယနေ့ နံနက် ရောက်ရှိကာ ဆေးဝါးအချို့နှင့် ဆေးရုံသုံးပစ္စည်း ကရိယာ အချို့တို့ လှူဒါန်းခဲ့ပြီး မိုးမောက်မြို့နယ်အတွင်း မိုင်ဂျာယန် ဒုက္ခသည် စခန်းသို့ သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

အစိုးရတပ်နှင့် KIA တို့ တနှစ်ကျော်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မြို့ပေါ်ဒေသ အပါအဝင် တရုတ်ပြည် နယ်စပ်တလျောက်နှင့် KIO ဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ပြေး ရောက်ရှိလာသည့် ဒုက္ခသည်ပေါင်း (၇) သောင်းခန့် ရှိပြီဟု ဒုက္ခသည် ကူညီပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

Most read this week