KIA နှင့် အစိုးရတပ် တိုက်ပွဲများ နှစ်ဖက် အကျအဆုံးရှိ

KIA နှင့် အစိုးရတပ် တိုက်ပွဲများ နှစ်ဖက် အကျအဆုံးရှိ
by -
ကချင်သတင်းဌာန

ထိုးစစ်ဆင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ KIA ကြား ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် အနည်းဆုံး ၃ နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သြဂုတ် ၁၀ ရက်နေ့ ကျရောက်သော ကေအိုင်အို အာဇာနည်နေ့ကို ဖါးကန့်တွင် ကျင်းပနေပုံ။
KIA တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း မုန်းလုံ (Mung Lung) ဒေသရှိ နားခါး (Na Hka)နှင့် တောဂွတ် (Taw Guk) ကြားတွင် မြန်မာအစိုးရတပ် ခလရ (၉၅)နှင့် တပ်မ (၈၈) တပ်ပေါင်းစု စစ်အင်အား ရ၀ ကျော်နှင့် KIA တပ်ရင်း (၃၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း အတိအကျမသိရသေးကြောင်း ရှေ့တန်းသတင်းမှသိရသည်။

ယမန်နေ့ KIA တပ်မဟာ (၅) နယ်မြေတွင်လည်း  ဒွမ်ဘန်ဘွမ် (Dumbang Bum) မှ နမ်ဆန်ယန် (Namsan Yang) စရဖ ရုံးဘက်ရောက်ရှိလာသော မြန်မာအစိုးရတပ် ခမရ (၃၉၀) စစ်အင်အား (၁၀၀)ကျော်နှင့် ပေါ်ဆဲ (Pau Se) အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှု မသိရသေးကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင်း ဒွမ်ဘန်ဘွမ် (Dumbang Bum)နှင့် လိုင်လွမ်အောင်ဂျာ (Lailum Awng Ja) အစိုးရစစ်တပ်မှ (၈၁ မမ) လက်နက်ကြီးများနှင့် နမ်ဆန်ယန် (Namsan Yang) ဖက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂန်ဒေါင်ယန် (Gangdau Yang) အစိုးရတပ်စခန်းမှလည်း (၁၀၅ မမ) လက်နက်ကြီးများနှင့် (၁၇) ကြိမ်ပစ်ခတ်ခဲ့သည်ဟု KIA သတင်းစဉ်အရသိရသည်။

အစိုးရနှင့်တိုက်ပွဲများသည် ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး သြဂုတ် ၁၃ ရက်နေ့ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)နှင့် အစိုးရတပ်ပေါင်းစုများ မဂွေဘော်ဘွမ် (Magwibaw Bum) တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် KIA တပ်ကြပ်ကြီးတဦး ကျဆုံးပြီး တပ်သား တဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

ပြီးခဲ့သည့်အပတ် သြဂုတ် ၈ ရက်နေ့ နံနက်ပိုင်းတွင် KIA တပ်ရင်း (၈) ဒေသ မုန်းမောပါ-မန်ဟိုင်းစျေးတွင် မြန်မာအစိုးရတပ် ခမရ (၃၂၄) တပ်မှ တပ်သား ရ ဦးသည် စျေးဝယ်နေချိန် KIA တပ်သား ၆ ဦး အရပ်ဝတ်စုံဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး KIA ၁ ဦး ကျဆုံး၍ အစိုးရ တပ်သား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရရှိကြောင်း အရာရှိတဦးပြောသည်။

ဤသို့ဖြစ်ပွားခဲ့ပြီးနောက် ၎င်း KIA တပ်မဟာ (၄)အောက် တပ်ရင်း (၈) နေရာတွင် မြန်မာအစိုးရ စစ်အင်အား ၃၀၀ ကျော် အင်အားထပ်မံတိုးချဲ့ထားကြောင်းသိရသည်။

ထို့ပြင် အစိုးရတပ် အင်အားတိုးချဲ့မှုများသည် တပ်မဟာ (၄) အောက် တပ်ရင်း (၃၄) မုန်မစ် (မိုးမိတ်) ဒေသတွင် မြန်မာအစိုးရတပ်ရင်း (၁၀)ခုမှ စစ်အင်အားအမြောက်အများ တိုးချဲ့ထားကြောင်းသိရသည်။ မုန်တုံ (Man Dung) ဒေသတွင်လည်း ခလရ (၉၅၊ ၁၁၆၊ ၁၃၀၊ ၁၁၄)၊ ခမရ (၅၀၁၊ ၅၀၂၊ ၅၀၃) နှင့် တပ်မ (၄၄၊ ၈၈) တပ်များ ထားရှိကြောင်းသိရသည်။

KIA တပ်မဟာ (၄) အောက် တပ်ရင်း (၂) ဒေသ ယိန်းမော (Ying Maw)၊ ဘာဖန် (Ba Hpang) လွယ်တောင်း (Loi Tawng)၊ လွယ်ဝေါန့် (Loi Wawng)၊ ရှိန်ဗွေ (Shing Bwi)၊ မန်ဂန် (Man Gang) တွင်လည်း  မြန်မာအစိုးရ စစ်အင်အား ခလရ (၂၄၁၊ ၂၄၂၊ ၂၉၀၊ ၁၂၈၊ ၁၂၉) တပ်များ အင်အား ၃၀၀ ကျော်တိုးချဲ့ ထားကြောင်း တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ယခု ချိန်မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရးတပ်ဖွဲ့ KIA တပ်ချထားသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖက်တွင် အဓိက စစ်မျက်နှာ (၄) ဖက်ဖွင့်၍ အင်အားတိုးချဲ့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၄င်းတို့သည် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄)၊ ဗဟိုဌာနချုပ် လိုင်ဇာ၊ ဆဒုံးနှင့် ပန်ဝါ ဒေသများဖြစ်ကြောင်း KIA အရာရှိများပြောသည်။

Most read this week