ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာအား ဗဟိုအစိုးရပိုမိုပေးသင့်ဟု SNLD ရုံးချုပ်ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော

ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာအား ဗဟိုအစိုးရပိုမိုပေးသင့်ဟု SNLD ရုံးချုပ်ဖွင့်ပွဲ၌ ခွန်ထွန်းဦးပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုရုံးချုပ်အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ခွန်ထွန်းဦး နေအိမ်၌ ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်လိုက်ရာ  ခွန်ထွန်းဦးက ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာနည်း
နေပြီး ဗဟိုအစိုးချုပ်ကိုင်ခံရမှုများနေသဖြင့် ပြည်နယ်အစိုးရအား လုပ်ပိုင်ခွင့် ပိုမိုပေးသင့်ကြောင်းပြောကြား သွားပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဗဟိုရုံးချုပ်ဖွင့်ပွဲ ဆိုင်းဘုတ်တင်သည့်အခမ်းအနား(ဓါတ်ပုံ-SNLD)

“ဒီမနက် ရုံးဖွင့်ပွဲလုပ်တာ ရန်ကုန်မှာ အခြေစိုက်တဲ့ ပါတီပေါင်း ၂၀ ကျော်၊ လူမှုအခြေပြုတဲ့ အဖွဲ့အစည်းတွေ အပါအဝင် လူအင်အားကတော့ ၂၅၀ ကျော်မယ်။ ကျနော်တို့ ဉက္ကဌကြီးခွန်ထွန်းဦးက အဓိက အချက် သုံးချက်နဲ့ အဖွင့်မိန့်ခွန်းပြောတယ်။ ငြိမ်းချမ်းရေး၊ စီးပွားပိတ်ဆို့မှု နဲ့ ပြည်နယ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ ပိုပေးဖို့ အဓိက ပြောသွားတယ်” - ဟု ပါတီတွဲဖက်အတွင်းရေးမှူးလည်းဖြစ် ပါတီပြောခွင့်ရလည်းဖြစ်သော စိုင်းလိတ် က ပြောပါသည်။

SNLD ၏  ဌာနချုပ်ရုံးဖွင့်ပွဲ၌ ဥက္ကဌဖြစ်သူ ခွန်ထွန်းဦးက - နိုင်ငံရေးနှင့်ပတ်သက်၍ အထူးသဖြင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်သည့်နေရာတွင်တိုင်းရင်းသားအားလုံး တူညီစွာရှိနေသည့် ပြင်းပြသည့်ဆန္ဒသည် နယ်မြေပိုင်ဆိုင်ရေး နှင့် စီးပွားရေးလုပ်ကိုင် ပိုင်ခွင့်မဟုတ်ကြောင်း နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်တွေ့ဆုံ ဖြေရှင်း ရန်သာဖြစ်ကြောင်း၊ အဆိုပါအရေးကိစ္စဆောင်ရွက်ရန် ယခင်ကရှိခဲ့ဖူးသောအတွေ့အကြုံကို သင်ခန်းစာယူ၍ သတိရှိရှိနှင့် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း ဥက္ကဌဖြစ်သည့် ခွန်ထွန်းဦးက ပြောကြားသွားပါသည်။

“စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်ပြီး ကျနော်တို့ ဥက္ကဌကြီး မိန့်ကြားသွားတာကတော့ - ဒီစီးပွားရေးပိတ်ဆို့မှုဟာ ရုပ်သိမ်းသင့်သလောက်တော့ ရုပ်သိမ်းပြီ။ ဒါပေမယ့်အားလုံးကုန်အောင် ရုပ်သိမ်းသွားတာမျိုးမရှိဘူး။ လူ့
အခွင့်အရေးချိုးဖေါက်မှုတွေပပျောက်ဖို့၊ ပြည်သူလူထုနဲ့ အစိုးရနဲ့ပူးပေါင်းပြီးတော့ ပိုမိုပွင့်လင်း မြင်သာတဲ့ အနေအထားမျိုးရောက်အောင် ဝိုင်းဝန်းကြိုးပမ်းမှသာလျှင် စီးပွားရေးအရ ရုပ်သိမ်းထားတာတွေ ပြန်ပြီး
ပွင့်သွားနိုင်မယ်။ နောက်ဆုံးတခုကတော့ ပြည်နယ်တွေရဲ့ ယခုလုပ်ပိုင်ခွင့်ရှိတဲ့အနေအထားဟာ အင်မတန်ကို နဲနေသေးတယ်။ ဗဟိုအစိုးရချုပ်ကိုင်မှုအောက်မှာဘဲ တော်တော်များများရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့
အဲဒီပြည်နယ်အစိုးရတွေအတွက် နောင်အနာဂတ်မှာ ပြဿနာတွေကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာကျင့်သား ရသွားအောင် အခုကတည်းက လုပ်ပိုင်ခွင့်တွေကို ပိုမိုအပ်နှင်းသင့်တယ်လို့ ဉက္ကဌကြီးက အမိန့်ရှိသွားတာပါ” - ဟု စိုင်းလိတ်က ဆက်လက်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗဟိုကော်မတီဝင် ၁၁ ဦး အနက် ခွန်ထွန်းဦးက ဥက္ကဌ ၊  စိုင်းစောအောင်က ဒုဉက္ကဌ၊ စိုင်းညွှန့်လွင် ခေါ် စိုင်းနွတ်က အထွေထွေအတွင်း ရေးမှူး၊ ပါတီပြောခွင့်ရ
စိုင်းလိတ်မှာမူ တွဲဖက်အတွင်းရေးမှူး  စသည်ဖြင့် ပြန်လည်ရွေးချယ်တင်မြောက်ထားသည်ဟုသိရပါ သည်။

Most read this week